၂၈ ဩဂုတ်


၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ဒုတိယအကျော့ အဖွင့်ရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ် (၁၂) ကို သြဂုတ် ၃၀၊ ၃၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး MNL စတင်ကတည်းက အစဉ်အလာရှိခဲ့သည့် ပြိုင်ဘက်နှစ်သင်းဖြစ်သည့် ရတနာပုံ-ရန်ကုန်ပွဲဖြင့် စတင်မည်ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကျင်းပရခြင်းဖြစ်သောကြောင့် လက်ကျန်ပွဲများကို နှစ်ရက်ကန်၊ နှစ်ရက်နား ပုံစံဖြင့် ဆက်တိုက်ကျင်းပလျက်ရှိပြီး ပထမအကျော့ပွဲစဉ်များအပြီး နှစ်ရက်အကြာတွင် ဒုတိယအကျော့ပွဲစဉ်များ ဆက်လက်ကျင်းပခြင်းဖြစ်သည်။

 ပွဲစဉ် (၁၂) အဖြစ် သြဂုတ် ၃၀ ရက်တွင် YUSC ကွင်း၌ ရတနာပုံအသင်းနှင့် ရန်ကုန်အသင်း၊ သုဝဏ္ဏကွင်း၌ အားကာသိပ္ပံအသင်းနှင့် ဟံသာဝတီအသင်း၊ ပဒုမ္မာကွင်း၌ Southern အသင်းနှင့် ဧရာဝတီအသင်း၊ သြဂုတ် ၃၁ ရက်တွင် သုဝဏ္ဏကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် စစ်ကိုင်းအသင်း၊ YUSC ကွင်း၌ မကွေးအသင်းနှင့် ရခိုင်အသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ပထမအကျော့ အပြီးတွင် ဟံသာဝတီအသင်းက ၂၄ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ဧရာဝတီအသင်းက ၂၃ မှတ်၊ ရန်ကုန်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းက ၁၇ မှတ်စီ၊ ရခိုင်အသင်းက ၁၃ မှတ်၊ ရတနာပုံနှင့် စစ်ကိုင်းအသင်းက ၁၀ မှတ်စီ၊ မကွေးအသင်းက ခြောက်မှတ်၊ အားကာသိပ္ပံအသင်းက လေးမှတ်နှင့် Southern အသင်းက နှစ်မှတ်ရထားသည်။

နည်းပြအပြောင်းအလဲပြုလုပ်ထားသည့် ရန်ကုန်အသင်းနှင့် ပြိုင်ပွဲပြန်လည်စတင်ချိန်တွင် နှစ်ပွဲဆက် ဂိုးပြတ်အနိုင်ရထားသည့် ရတနာပုံအသင်းတို့၏ တွေ့ဆုံမှုမှာ စိတ်ဝင်စားစရာ အကောင်းဆုံးဖြစ်နေ သည်။ နှစ်ကျော့စလုံးကို YUSC ကွင်း၌ ကစားရသော်လည်း ရတနာပုံအသင်းအတွက် အခက်အခဲ မရှိနိုင်ဘဲ ပထမအကျော့ကလည်း နှစ်ဂိုးစီသရေကစားနိုင်ခဲ့သည်။ ရန်ကုန်အသင်းနည်းပြသစ် ဦးမင်းထွန်းလင်း ပထမဆုံးပွဲတွင်  ရတနာပုံအသင်းကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ စောင့်ကြည့်ရမည် ဖြစ်ပြီး ရလဒ်ပိုင်းမှာ အရေးပါနေသည်။ ဇယားထိပ်ပိုင်းတွင် အပြိုင်ဖြစ်နေသည့် ဟံသာဝတီနှင့် ဧရာဝတီအသင်းသည် ဇယားအောက်ဆုံးမှ နှစ်သင်းနှင့် တွေ့ဆုံနေ၍ နိုင်ပွဲဆက်ဖွယ်ရှိနေပြီး လက်ရှိ ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းမှာလည်း ချန်ပီယံကာကွယ်ရန် မဖြစ်မနေ နိုင်ပွဲရယူနိုင်ရန် လိုအပ် နေသည်။

လက်ကျန်ပွဲများကို နှစ်ရက်ခြားကစားနေရသောကြောင့် အသင်းများအနေဖြင့် ပုံမှန်ခြေစွမ်းထိန်းနိုင်ရန် လိုအပ်သည့်အပြင် ကစားသမားများ၏ ကြံ့ခိုင်မှုနှင့် ဒဏ်ရာပြဿနာများမှာလည်း အရေးပါလျက် ရှိသည်။ ဒုတိယအကျော့အဖွင့်ပွဲတွင် ဘယ်အသင်း နိုင်ပွဲဆက်ပြီး ဘယ်အသင်း ခြေချော်မလဲဆိုတာ တနင်္ဂနွေနှင့် တနင်္လာနေ့တွင် အဖြေထွက်ပေါ်တော့မည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်