နေပြည်တော် ၂၈ သြဂုတ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လျှပ်စစ်ကဏ္ဍနှင့် ပတ်သက်သည့် တတိယနှင့် စတုတ္ထသုံးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေး နည်းစနစ်များနှင့်အညီ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ယခုအစည်းအဝေးသည် ပထမနှင့် ဒုတိယသုံးလပတ်အတွင်း ကျင်းပခဲ့သည့် အစည်းအဝေးများနှင့်မတူဘဲ တတိယသုံးလပတ် အတွင်း ကိုဗစ်-၁၉ ကြောင့် ရွေ့လျားသွားခဲ့သည့် စီမံကိန်းလုပ်ငန်းများ၊ စာချုပ်ချုပ်ဆိုမှု များ၊ ငွေပေးချေမှုများကို စတုတ္ထသုံးလပတ်အတွင်း မည်သို့ပြီးစီးရန်လုပ်ဆောင်သွားမည် ဆိုသည်ကို သိလို၍ အစည်းအဝေးခေါ်ယူရခြင်းဖြစ်ပါကြောင်း၊ မကြာမီအချိန်အတွင်း ဘတ်ဂျက်နှစ် အသစ်ကာလသို့ ရောက်ရှိတော့မည်ဖြစ်ရာ စတုတ္ထသုံးလပတ်အတွင်း ဆောင်ရွက်ရမည့် စီမံကိန်းလုပ်ငန်းများ၊ ငွေပေးချေမှုများကို အချိန်မီပြီးစီးစေရေး အထူး ဂရုပြုဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းရရှိအောင် စီမံကိန်းလုပ်ငန်းများကို ဆောင်ရွက်ပေးလိုသည်ဖြစ်ရာ လုပ်ငန်းအပ်နှံစာချုပ်နှင့် ပစ္စည်း ဝယ်ယူရေးစာချုပ်များတွင် စိုးရိမ်မှုလွန်ကဲပြီး ချည်နှောင်ထားမှုများကြောင့် ငွေပေးချေမှု များ နှောင့်နှေးခဲ့ရပါကြောင်း၊ အဆိုပါ စာချုပ်များကိုလည်း ပြင်ဆင်သုံးသပ်သွားရန် မှာကြားလိုပါကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ အဆင့်ဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုစနစ်ဖြင့် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အားရရှိမှုသည် အလွန်အရေး ကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည်ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့်လည်း လျှပ်စစ် ကဏ္ဍနှင့် ပတ်သက်၍ ယခုနှစ်တွင် Generation ၊ Transmission ၊ Distribution အပိုင်း တို့တွင် တိုးတက်ဖြစ်ပေါ်မှုများကို ပိုမိုကောင်းမွန်လာစေရန် မျှော်မှန်းထားသည့်အတွက် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းပေး နေပါကြောင်း။
Generation နှင့် ပတ်သက်၍ နိုင်ငံပိုင် စက်ရုံ၊ ပုဂ္ဂလိကစက်ရုံများရှိရာ စက်ရုံမှူးများ အနေဖြင့် မိမိတို့တာဝန်ကို ကျေပွန်စွာဆောင်ရွက်ရန်လိုအပ်ပြီး မိမိတို့ စက်ရုံ၏ Protection အားနည်းချက်ကြောင့် စက်ချို့ယွင်းမှု ဖြစ်ပေါ်ပါက စက်ရုံများရပ်တန့်၍ မဂ္ဂါဝပ်များစွာဆုံးရှုံး သွားနိုင်ပါကြောင်း၊ Transmission နှင့်ပတ်သက်၍ Supply ကောင်းစွာရှိခြင်းနှင့် ဓာတ်အား ဝယ်ယူခြင်းများ ဆောင်ရွက်ထားသော်လည်း ပြည်သူများကို ပြည့်ဝစွာ မဖြန့်ဖြူးပေးနိုင်ပါက အကျိုးဖြစ်ထွန်းမည် မဟုတ်သည့်အတွက် Transmission Side ကိုလည်း အလေး ထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ Distribution တွင်လည်း ကြိုးစား၍ Outage နည်းရန်၊ Losses နည်းရန် ဝန်ဆောင်မှုကောင်းအောင် အချိန်ပြည့် ဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း။
တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၅၀ ရာခိုင်နှုန်းကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ လတွင် နိုင်ငံတော်ဓာတ်အားစနစ်မှ ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ယခုလက်ရှိတွင် မြန်မာ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားသုံးစွဲမှု (၅၄ ဒသမ ၁၅ ရာခိုင်နှုန်း) အထိ တိုးတက် ရရှိ အောင် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တစ်နိုင်ငံလုံး၏ (၇၅ ရာခိုင်နှုန်း) အထက်နှင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး၏ (၁၀၀ ရာခိုင်နှုန်း) အပြည့်အဝ လျှပ်စစ်ဓာတ်အားရရှိရေး စွမ်းအင်အရင်းအမြစ်အမျိုးမျိုးကို အသုံးပြု၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မိမိတို့ ရည်မှန်းချက်ဖြစ်သည့် ပြည်သူများ လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် သုံးစွဲနိုင်စေရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြပါကြောင်း။
ယခုအချိန်သည် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်လျက်ရှိသည့် ကန့်သတ်ကာလဖြစ်သည့်အတွက် မိမိတို့၏လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက် နိုင်ရေး အထူးဂရုပြုပြီး အာရုံစိုက်၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်၍ ထုတ်ပြန်ထားသောအမိန့်နှင့် ညွှန်ကြားချက်များအား အလေးထားလိုက်နာ ဆောင်ရွက် သွားရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ဦးစီးဌာန၊ လုပ်ငန်း၊ ကော်ပိုရေးရှင်းများမှ ဌာနကြီးမှူးများ၊ တည်ဆောက်ရေး ညွှန်ကြားရေးမှူးများ၊ စီမံကိန်းညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပထမနှင့် ဒုတိယသုံးလပတ် လုပ်ငန်းဆောင်ရွက်မှုများ၊ ရန်ပုံငွေလျာထားသုံးစွဲခဲ့မှုနှင့် စီမံကိန်းပြီးစီးမှု၊ တတိယ သုံးလပတ် ကိုဗစ်-၁၉ ကာလအတွင်း ပြန်လည်အပ်နှံခဲ့ရသည့် အထွေထွေပိုလျှံရန်ပုံငွေ စာရင်းနှင့် ပြန်လည်ထုတ်ယူသုံးစွဲမှု၊ တတိယနှင့် စတုတ္ထသုံးလပတ် လုပ်ငန်းဆောင်ရွက်မှု၊ ရန်ပုံငွေလျာထားချက်၊ ပြီးစီးမှုနှင့် ပြီးစီးနိုင်မည့် စီမံကိန်းလုပ်ငန်း အခြေအနေ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ်အထိ လုပ်ငန်း ဆောင်ရွက်မှု၊ ရန်ပုံငွေလျာထားသုံးစွဲ မည့် အခြေအနေတို့အား ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက တင်ပြမှုများအပေါ် သုံးသပ်ဆွေးနွေးတင်ပြသည်။ ထို့နောက် ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


