ရန်ကုန်   ၂၈   ဩဂုတ် 

 

ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)က မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ သန်းတန်ဖိုးရှိ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်း အစီအစဉ် ကို ယနေ့ နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပပြုလုပ်သည်။

 

အဆိုပါ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ တင်ဆောင်လာသော အထူးကုန်တင် လေယာဉ်သည် ယနေ့ နံနက် ၉ နာရီ ၁၀ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ လာရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် UNICEF မှ တာဝန်ရှိသူများက ကြိုဆို ကြသည်။

 

ထို့နောက် UNICEF မှ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mrs. June Kunugi နှင့်တာဝန်ရှိသူတို့က ယနေ့ ခရီးစဉ်အပါအဝင် ဩဂုတ်လနောက်ဆုံးအပတ်အတွင်း အထူးလေကြောင်းခရီးစဉ် သုံးကြိမ်ဖြင့် ရောက်ရှိခဲ့သော အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ သန်းတန်ဖိုးရှိ တစ်ကိုယ်ရေ ကာကွယ်ရေးဝတ်စုံ (PPE) နှင့် ဆက်စပ်ပစ္စည်းများကို လွှဲပြောင်းပေးအပ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက လက်ခံရယူသည်။

 

အဆိုပါ ထောက်ပံ့ရေးပစ္စည်းများကို UNICEF အနေဖြင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) နှင့် ပူးပေါင်းဆောင်ရွက်ကာ သုံးကြိမ်ခွဲ၍ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ ထို့အတူ အမေရိကန်ဒေါ်လာ ၂၂၄၂၈၄ တန်ဖိုးရှိ တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ (PPE)နှင့် ဆက်စပ်ပစ္စည်းများကို ထိုင်းနိုင်ငံ(မြဝတီမြို့မှ တစ်ဆင့်)နှင့် တရုတ်နိုင်ငံ (မူဆယ်မြို့မှတစ်ဆင့်)တို့မှ သယ်ဆောင်လာနေပြီဖြစ်သည့်အပြင် COVID-19  Specimen carriers ခုရေ ၃၀၀၀၀ နှင့် အောက်ဆီဂျင်ပေးစက် အလုံး ၃၇၀ တို့ကို စက်တင်ဘာလ အစောပိုင်းတွင် မြန်မာနိုင်ငံသို့ရေကြောင်း ပို့ဆောင်မှုဖြင့် ရောက်ရှိလာမည်ဖြစ်ကြောင်း UNICEF ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

 

ထိုသို့ ထောက်ပံ့မှုနှင့်ပတ်သက်၍ UNICEF မှ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် Mrs. June Kunugi က “နိုင်ငံတကာမှာ ဝယ်လိုအား အလွန်များနေတဲ့ မရှိမဖြစ် အရေးပါလှတဲ့ ထောက်ပံ့ရေး ပစ္စည်းတွေကို လက်လှမ်းမီအသုံးပြုနိုင်ဖို့နဲ့ လက်ရှိကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးအတွက် စိန်ခေါ်မှု များစွာရှိနေတဲ့အကြားက မြန်မာနိုင်ငံကို   အချိန်မီရောက်ရှိအောင်   ပို့ဆောင်နိုင်ဖို့အတွက်  ယူနီဆက် အနေနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာပါ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိပါတယ်။ ကလေးငယ်များ အားလုံးနဲ့ အားနည်းထိခိုက်အလွယ်ဆုံး သူတွေကို ကမ္ဘာ့ကပ်ရောဂါဘေးကနေ ကာကွယ်ပေးနိုင်ဖို့ ကျွန်မတို့အတူလက်တွဲပြီး ကိုဗစ်-၁၉ ရောဂါကိုတိုက်ခိုက်ကြရမှာပါ” ဟု ပြောကြားထားသည်။

 

အလားတူ UNICEF အနေဖြင့် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ကိုဗစ်-၁၉ ရောဂါပိုး စမ်းသပ် ကိရိယာ (test kits)နှင့် ဆက်စပ်ပစ္စည်းများကို လည်းကောင်း၊ ဓာတ်ခွဲခန်းသုံး အထောက်အကူပြု ပစ္စည်းများနှင့် ဆေးဝါးများကိုလည်းကောင်း ထောက်ပံ့ကူညီခဲ့သည့်အပြင် အသိပညာပေးခြင်း လုပ်ငန်းများနှင့်အတူ UNICEF ၏ သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျွမ်းကျင်ဝန်ထမ်းများဖြင့်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကူညီဆောင်ရွက်လျက် ရှိကြောင်း UNICEF မှ  သိရသည်။ 

 

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်