သရက်ချောင်း  ၂၈ သြဂုတ် 

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကာလအတွင်း ဒေသခံပြည်သူများသိရှိစေရန် ရည်ရွယ်၍ ညမထွက်ရအမိန်ထုတ်ပြန်ကြော်ငြာခြင်းကို ယနေ့  ညနေပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာ များတွင် အသံချဲ့စက်၊ စပီကာများဖြင့် မော်တော်ယာဉ်များပေါ် တင်ဆောင်ပြီး လှည့်လည် ကြော်ညာခဲ့ကြသည်။

အဆိုပါ ညမထွက်ရအမိန့်ကို သရက်ချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ထုတ်ပြန်ကြေညာခဲ့ပြီး လတ်တလောဖြစ်ပေါ်နေသည့် ကိုဗစ်−၁၉ ရောဂါသည် အများပြည်သူတို့၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများကို ထိခိုက်စေသည့်အပြင် အသက်အန္တရာယ် သေဆုံးနိုင်သည်အထိ ဖြစ်ပွားလာနိုင်သဖြင့် သရက်ချောင်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားသည့်နေရာများ၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ခံရမှု အခြေအနေ၊ နေအိမ်ပြင်ပသို့ အကြောင်းမဲ့ မထွက်ခွာကြရန်၊ အရေးကြီးကိစ္စများရှိ၍ နေအိမ်အပြင်ဘက်သို့ ထွက်ခွာပါက နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာကြရန်၊ အမိန့်တစ်စုံတစ်ရာ ထပ်မံထုတ်ပြန်မှုမရှိမခြင်း နေ့စဉ်  ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း အပြင်ထွက်ခြင်းမပြုလုပ်ကြရန် အသိပေးကြော်ငြာချက်များကို သြဂုတ် ၂၆ ရက်မှစ၍ ထုတ်ပြန်ကြော်ငြာလျက်ရှိသည်။

ထိုသို့ မြို့ပေါ်ရပ်ကွက်များရှိ ရပ်ကွက်/ကျေးရွာများအတွင်း လှည့်လည်ကြေညာရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်း၊ မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကျော်ဝင်း၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးတင်စွမ်နှင့် ပရဟိတအဖွဲ့ဝင်များ ပူးပေါင်းကာ လှည့်လည်အသိပေးကြေညာခဲ့ကြောင်း သိရသည်။

မျိုးချစ်ဦး(ပြန်/ဆက်)