မိုးနဲ ၂၉ ဩဂုတ်
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ရေတိုက်စားမှုကြောင့် နမ့်မော်ဆွမ့် ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၃၉) အနီး နမ့်စလှိုင်ချောင်း တာရိုးကျိုးပေါက်မှု ဖြစ်ပွားခဲ့ပြီး တောင်သူများ စုပေါင်း၍ တာရိုးပြန်လည်ပြုပြင်နေမှုကို တာဝန်ရှိသူများက ယနေ့ နံနက် ၈ နာရီ အချိန်က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့သွားရောက်စစ်ဆေးရာတွင် မိုးနဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်၊ ဆည်မြောင်းဦးစီး ဌာနမှူး ဦးငွေလင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မော်ဦးနှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများက နယ်မြေကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး မြို့နယ်ဆည်မြောင်း ဦးစီးဌာနမှူးက တာရိုး ပြန်လည်ပြုပြင်ရန်အတွက် လိုအပ်သော ဝါးအလုံး ၃၀၊ ပီနံအိတ် အလုံး ၅၀၀၊ ပေ ၃၀ ပတ်လည် မိုးကာ တစ်ချပ်၊ မျှောအလုံး ၅၀၊ သွပ်ကြိုး နှစ်ပိဿာနှင့် ပိနံကြိုးတစ်ခွေကို တာပေါင်ပြုပြင်ရန်အတွက် ထောက်ပံ့ ပေးအပ်ခဲ့သည်။
အဆိုပါ တာရိုးကျိုးပေါက်မှုကြောင့် လယ်ယာမြေများ ထိခိုက်ပျက်စီးမှုမရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ (ပြန်/ဆက်)


