မယ်စဲ့ ၂၉ ဩဂုတ်

ကယားပြည်နယ်၊  ဘောလခဲခရိုင်၊  မယ်စဲ့မြို့နယ်၊  နမ့်မန်းကျေးရွာ  တောင်သူဦးညွှန့်မောင်  ကွင်းအမှတ်(၄)၊ ဦးပိုင်အမှတ် (၉)၊   စိုက်ဧက   (၂ ဒသမ ၅၀) ဧကတွင်        တိုက်ရိုက်မျိုးစေ့ချ ကိရိယာ (Seeder) ဖြင့် စိုက်ပျိုးနည်းစနစ် ကွင်းလက်တွေ့ သရုပ်ပြစိုက်ပျိုးခြင်းကို သြဂုတ် ၂၈ ရက်က ပြုလုပ်ခဲ့သည်။

 

တိုက်ရိုက်မျိုးစေ့ချ ကိရိယာဖြင့် စိုက်ပျိုးခြင်းဖြင့် ပျိုးထောင်ခ၊ ပျိုးနှုတ်ခသက်သာသည့်အပြင် မျိုးစေ့ နှုန်းထား သက်သာစေခြင်း၊ အလုပ်သမားရှားပါးသည့်အတွက် ကောက်စိုက်ခသက်သာခြင်း၊ တစ်ဧကကုန်ကျစရိတ် သက်သာစေခြင်း၊ သင့်တင့်သော အထွက်နှုန်းထွက်ရှိစေခြင်းနှင့် တစ်ဧက အကျိုးအမြတ်များစွာ ရရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  သိရသည်။

 

မယ်စဲ့မြို့နယ်တွင် မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းကို ယခင်နှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုနှစ်တွင် တောင်သူများ စိတ်ဝင်စားမှုရှိသဖြင့် နမ့်မန်းကျေးရွာအုပ်စု တောင်သူများ၏ လယ်မြေ(၁၅)ဧကတွင် စိုက်ပျိုးပေးလျက်ရှိသည်။

 

အဆိုပါ မျိုးစေ့တိုက်ရိုက်ချကိရိယာ (Seeder)ဖြင့် စိုက်ပျိုးနည်းစနစ် ကွင်းလက်တွေ့ သရုပ်ပြခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးဖြိုးဝေလွင်နှင့် ကွင်းဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးထားရှိသော (Seeder) စိုက်ခင်းများအတွက် လိုအပ်သည့် နည်းပညာများ ပံ့ပိုးပေးခြင်း၊ မှိုသတ်ဆေး၊ ပိုးသတ်ဆေး၊ ရောဂါသတ်ဆေး၊ ဓာတ်မြေဩဇာများကို အခမဲ့ဖြန့်ဖြူး ဆောင်ရွက်ပေးလျက်ရှိပြီး မျိုးစေ့ချ ကိရိယာများကို စိုက်ပျိုး‌ရေးဦးစီးဌာနတွင် အခမဲ့ငှားရမ်းနိုင်ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)