ရှမ်းရွာသစ် ၂၉ ဩဂုတ်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် ကျန်းမာရေးအသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဒေသနေပြည်သူများ မိုးဦးရာသီတွင်ဖြစ်တတ်သော သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်မှ ကင်းဝေးစေရန်၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သော ကျန်းမာရေး အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး ယမန်နေ့က ပိုးပလေကျေးရွာအုပ်စု၊ ခလော့ဒေးကျေးရွာတွင် သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါလုပ်ငန်းတွင် ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နော်အေးအေးချိုနှင့် ဝန်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ်မှ ကင်းဝေးစေရန်အတွက် နေအိမ်ခြံဝင်းအတွင်းရှိ ရေလှောင်ကန်များ၊ ရေစည်များ၊ ပန်းအိုးများ၊ ရေအိုး၊ ရေခွက်များနှင့် ရေဝပ်နိုင်သော ပစ္စည်းများအတွင်း ပိုးလောက်လန်းများ မပေါက်ဖွားနိုင်ရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ များကို Hand Speaker ဖြင့် နှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ပြီးနောက် ၎င်း အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း ကျေးလက်ကျန်းမာရေးဌာနမှ သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)


