မြစ်သား ၂၉  သြဂုတ်

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင်  မြို့နယ်အဆင့် အခြေခံကျန်းမာရေး ဝန်ထမ်းများအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံရေးသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

 

သင်တန်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိန်ပိုက သားအိမ်ခေါင်းကင်ဆာရောဂါသည် ဒုတိယမြောက် အဖြစ်များဆုံး ကင်ဆာဖြစ်သောကြောင့် ငယ်ရွယ်သူများ အသက်အရွယ်ကြီးရင့်ချိန်၌ မဖြစ်ပွားစေရန်၊ ကြိုတင်ကာကွယ်နိုင်ရန် ကာကွယ်ဆေးများ ထိုးပေးနိုင်ရန်အတွက်  သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ကြောင်းနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး ဒေါက်တာနေခြည်သိန်းဝင်းက သားအိမ်ခေါင်းကင်ဆာနှင့် ပတ်သက်၍ အခြေခံအချက်အလက်များ၊ အမျိုးသမီးများအတွက် သားအိမ်ခေါင်းကင်ဆာ သတိပေးလက္ခဏာ များ၊ ကူးစက်ပုံများအား အသီးသီး ရှင်းလင်း ပြောကြားခဲ့ကြသည်။

 

အဆိုပါသင်တန်းတွင် ဒေါက်တာစန္ဒီစုကြည်က သားအိမ်ခေါင်းကင်ဆာ ရောဂါလက္ခဏာများ  အမျိုးသမီးတိုင်း သိထားသင့်တဲ့ သားအိမ်ခေါင်းကင်ဆာ အစပျိုးခြင်း လက္ခဏာများ၊ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှု အခြေအနေနှင့် ဆောင်ရန်ရှောင်ရန်အချက်များကို လည်းကောင်း၊ မြို့နယ်ကျန်းမာရေးမှူး ဒေါ်စန်းစန်းအေးက ရောဂါရှာဖွေရေး လုပ်ငန်းစဉ်များနှင့် သားအိမ်ခေါင်းကင်ဆာထိုးနှံပေးခြင်း လုပ်ငန်းများဆောင်ရွက်ပုံ အဆင့်ဆင့်ကို မြို့နယ်အတွင်းရှိ အခြေခံကျန်းမာရေး ဝန်ထမ်းများအား  ယမန်နေ့ နံနက်(၉) နာရီမှ ညနေ (၄) နာရီအထိ  သင်ကြားပေးခဲ့ကြောင်း သိရသည်။

မြမြမွန်(ပြန်/ဆက်)