ညောင်လေးပင် ၂၉ သြဂုတ်
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့၊ ထော်နွတ်ကျေးရွာအနီးတွင် သြဂုတ် ၂၈ ရက်နေ့ညနေ ၅ နာရီခွဲ အချိန်ခန့်က (၂၂) ဘီးဆီဘောက်ဆာ ယာဉ်တစ်စီး အရှိန်မထိမ်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့၊ ထော်နွတ်ကျေးရွာအနီး၊ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၉၀/၃ နှင့် ၅ အကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ပိန်းဇလုပ်နယ် မြေခံရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ် ယုနန္ဒာကြည်နှင့် အဖွဲ့သည် သက်သေများနှင့် သွားရောက်စစ်ဆေးရာ အခင်းဖြစ်ရပ်တွင် မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ယာဉ် မောင်းဇော်လင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး နေသူမောင်းနှင်ပြီး ရန်ရှင်း၊ဒိုင်းတရာ ကျေးရွာ၊ဖြူးမြို့နယ်နေသူ လိုက်ပါလာသော (၂၂)ဘီး ဆီဘောက်ဆာ(ဆီမပါ)ယာဉ်သည် လမ်းကွေ့တွင် အရှိန်မထိမ်းနိုင်ဘဲ လဲကျတိမ်းမှောက်သွားခဲ့သဖြင့် ယာဉ်မောင်းတွင် ဒဏ်ရာမရရှိသော်လည်း ယာဉ်နောက်လိုက်တွင် ဒဏ်ရာအနည်းငယ်ရရှိခဲ့၍ ရဲဆေးစာဖြင့် ပိန်းဇလုပ် တိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်သွားလမ်း ခေတ္တပိတ်ခဲ့၍ သက်ဆိုင်ရာမှ အချိန်မီဆောင်ရွက်ပေးခဲ့ရသည်။
သို့ပါ၍ ယာဉ်မဆင်မခြင် မောင်းနှင်သူ ဇော်လင်းအား ပိန်းဇလုပ်နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
နေလင်း(ညောင်လေးပင်)
