ရန်ကုန် ၂၉ သြဂုတ်
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၂)ရပ်ကွက်၊ ချင်းတွင်းရိပ်မွန်အိမ်ရာ မင်္ဂလာလမ်းတွင် သြဂုတ် ၂၈ ရက် နံနက် ၁၁ နာရီခွဲခန့်က အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ အဆိုပါနေ့ နံနက်က ဦးမြင့်ထွန်း၊ အသက်(၅၄)နှစ်သည် ခြံအမှတ်(၁) ယာဘက်ခြံဝန်းထောင့်ရှိ အုန်းပင်၏ အုန်းလက်သည် သွယ်တန်းထားသော KV.11 လျှပ်စစ်ဓာတ်အားလိုင်းကြိုးနှင့် မလွတ်ကင်းသဖြင့် အပင်ပေါ်တက်၍ ခုတ်ရာမှ လျှပ်စစ်ဓာတ်အားလိုင်းကြိုးပေါ် တင်နေသော အုန်းလက်ကို လက်ဖြင့်ဖယ်ရှားရာ မိုးရေဖြင့် အုန်းလက်တွင် လျှပ်စစ်စီးဝင်နေပြီး ဓာတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်သည်။
သေဆုံးသူသည် (၁၀)ပေခန့်ရှိ အဖြူရောင်နိုင်လွန်ကြိုးကို ခါးတွင်ချည်ထားပြီး တဖက်ကြိုးစအား အုန်းပင်တွင် ချည်နှောင် ထားသောကြောင့် ဓာတ်လိုက်သေဆုံးချိန်တွင် ပက်လက်လန် ဇောက်ထိုးအနေအထားဖြင့် တွဲလောင်းသေဆုံးလျက်ရှိကြောင်း တွေ့ရှိရသည်။
အခင်းဖြစ်နေရာသို့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ဝင်းမောင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ထူးချွန်၊ ရာအိမ်မှူး ဦးအောင်မိုးနိုင်တို့ ရောက်ရှိစစ်ဆေးခဲ့ပြီး အလောင်းအား ရဲဆေးစာဖြင့် သင်္ဃန်းကျွန်းစံပြ ပြည်သူ့ဆေးရုံကြီးသို့ နာရေးကူညီမှု ယာဉ်ဖြင့် ပို့အပ်ခဲ့ရာ ဆေးရုံကြီးမှ PR.52 ဖြင့် လက်ခံစစ်ဆေးလျှက်ရှိကြောင်း သတင်းရှိသည်။
ကိုကြီးစိုး(ဆိပ်ကမ်း)