စစ်တွေ  ၂၉  ဩဂုတ်

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင်  စစ်တွေဆေးရုံကြီး၌ ယာယီတာ ဝန်ထမ်းဆောင်နေသည့် ဆရာဝန်နှင့် သူနာပြုများအား သွားရောက်တွေ့ဆုံပြီး ကိုဗစ်-၁၉ ပိုးတွေ့လူနာများအတွက် သီးသန့်လူနာဆောင်များ ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စစ်တွေမြို့ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာများအတွက် သီးသန့်လူနာဆောင်တွင် ခုတင်များ ဖြည့်သွင်းတတ်ဆင် ဆောင်ရွက်နေမှုနှင့် သီးသန့်လူနာဆောင်အခန်း ဖွဲ့စည်းဆောင်ရွက်ထားရှိမှုတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနှင့် ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်တို့က လိုက်လံရှင်းလင်း ပြသကြသည်။ ထို့နောက် ဆေးရုံအုပ်ကြီး ရုံးအစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ်၏ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၌ “မိမိဆန္ဒအလျောက်” ယာယီတာဝန် ထမ်းဆောင်လျှက်ရှိသည့် ဆရာဝန်၊ သူနာပြုများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်နယ်လူမှုရေးဝန်ကြီးက ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များအား ဆရာဝန်၊ သူနာပြုများနှင့် မိတ်ဆက်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်၏ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် တာဝန်အရ မဟုတ်ဘဲ မိမိတို့၏ စေတနာမေတ္တာများဖြင့် လာရောက် ကူညီ ဆောင်ရွက်ပေးကြသည့်အတွက် အထူးပင် ကျေးဇူးတင်ပါကြောင်း၊ အထူးသဖြင့် မိမိတို့ရခိုင်ပြည်နယ်အတွက် မေတ္တာဖြင့် စေတနာထားကာ ကူညီပေးရန် လာရောက်ကြသည်ဟုလည်း မိမိအနေဖြင့် ခံယူပါကြောင်း၊ ယခုလိုကူညီပေးခြင်းသည် တန်ဖိုးဖြတ်၍ မရနိုင်ပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် တတ်နိုင်သလောက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နေထိုင်စားသောက်ရေးနှင့် ဆေးဝါးများအတွက်လည်း ကူညီ ဖြည့်ဆည်း ပေးသွားမည်ဖြစ်ကြောင်း လိုအပ်ချက်များရှိလျင်လည်း မိမိတို့အစိုးရအဖွဲ့ကို ပွင့်ပွင့်လင်းလင်းတင်ပြ ပေးစေလိုကြောင်း၊ တတ်နိုင်သမျှဖြည့်ဆည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရမှလည်း ရခိုင်ပြည်နယ်အတွက် ကျန်းမာရေးနှင့်ပတ်သက်လျှင် မရှိဟုမဖြစ်ရအောင် ဆောင်ရွက်ပေးမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားထားပါကြောင်း၊ ယခုကဲ့သို့ အင်အားအပြည့်ဖြင့် လာရောက် ဆောင်ရွက်ပေးကြသည့်အတွက် မိမိတို့အတွက် စိတ်အား၊ ခွန်အားများဖြစ်ပါကြောင်း ကျေးဇူးလည်း များစွာတင်ပါကြောင်းပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က “မိမိဆန္ဒအလျောက်” ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန်နှင့်သူနာပြုများအတွက် ထောက်ပံ့ငွေ ၄၅ သိန်းအားပေးအပ်သည်။

 

mdn

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေတက္ကသိုလ် (ဘုမေ) ၌ ကိုဗစ်-၁၉ ပိုးတွေ့ လူနာများအတွက် သီးသန့်လူနာဆောင်များ ပြုလုပ်မည့် အဆောင်များနှင့် အသွားအလာ ကန့်သတ်စောင့်ကြည့်သူများ ထားရှိရာ အဆောင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါအသွားအလာ ကန့်သတ်စောင့်ကြည့်နေရာများတွင် ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးနေကြသည့် နိုင်ငံအနှံ့မှ စေတနာ့ဝန်ထမ်း လူငယ်များနှင့် တွေ့ဆုံကာ လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

 တင်ထွန်း(ပြန်/ဆက်)