ဖြူး ၂၉ ဩဂုတ်

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းသည် ယနေ့နံနက်ပိုင်းက ဖြူးမြို့နယ်  ကညွတ်ကွင်း မြို့ မင်းလမ်းကူးကျေးရွာအုပ်စု၊ ရှမ်းမင်းလမ်းကူးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူ များနှင့် တွေ့ဆုံပြီး ပြည်သူများ၏တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

 

ရှေးဦးစွာ ဝန်ကြီးချုပ်ဦးဝင်းသိန်းသည် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ ရှမ်းမင်းလမ်းကူးကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော်အား ဖူးမြော်ကန်တော့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့သည်။ 

 

ထို့နောက် ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ ပြည်သူများမှ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက် များဖြစ်သည့် လမ်းတံတားဆိုင်ရာများ၊ ပညာရေးဆိုင်ရာများနှင့် ကျန်းမာရေးဆိုင်ရာများ၊ လျှပ်စစ် မီးလင်းရေးဆိုင်များ၊ မြေယာဆိုင်ရာများကို တင်ပြတောင်းခံမှုအပေါ် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ပြီး COVID-19ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ဒေသခံပြည်သူများ ရောဂါကူးစပ်မှုမရှိစေရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်နေထိုင်နိုင်ရေး အသိပညာပေးပြောကြားကာ မင်းလမ်းကူး ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအတွက် COVID-19အထောက်အကူပြုပစ္စည်းများ ပေးအပ်ခဲ့ ကြောင်းသိရသည်။ 

 

ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖြူးမြို့နယ်စည်ပင်သာယာခန်းမသို့ သွားရောက်ပြီး ဖြူး - မုန်း- အုတ်ဖြတ်လမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတား(အုတ်ဖြတ်) ချဉ်းကပ်လမ်းတည်ဆောက်ရာတွင် ပါဝင်သွားသည့် တောင်ငူမြို့နယ်မှ တောင်သူ (၅) ဦး၊ကျောက်ကြီးမြို့နယ်မှ တောင်သူ (၁၄) ဦးတို့၏ လယ်ယာမြေ (၁၁.၅၄) ဧက အတွက် လျှော်ကြေးငွေကျပ် ၄၆၄ သိန်းအား ပေးအပ်ခဲ့သည်။

 

ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇေယျဝတီမြို့၊ ရွှေစေတီဘုန်းတော်ကြီးကျောင်း ဆရာတော်အား ဖူးမျှော်ကန်တော့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ၊ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက်  ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ကျေးရွာချင်းဆက်လမ်းများကျောက် ချောလမ်းခင်းပေးနိုင်ရေးများ၊ ကျောင်းစုကျေးရွာ စားကျက်မြေကိစ္စ၊ ကျန်းမာရေးဆိုင်ရာများ၊ တိုးချဲ့ ကျောင်းဆောင်များတိုးချဲ့ချထားပေးရန်ကိစ္စ၊ ပျဉ်းမပင်ကျေးရွာ ကိုယ်ထူကိုယ်ထ မီးလင်းရေးမှကျန်ရှိနေသည့် အိမ်ခြေ (၆၀) အား မီးလင်းရေး ထပ်မံဆောင်ရွက်ပေးရန်ကိစ္စများကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။  

 

မနွယ်(ဖြူး)