နေပြည်တော် ၂၉ ဩဂုတ်
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) စီမံချက်အရ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ ထိခိုက်လွယ်အုပ်စုများ၊ အနာကြီးရောဂါခံစားနေရသူများကို စောင့်ရှောက်နေသည့် ဂေဟာများအတွက် အထူးလူမှုကာကွယ် စောင့်ရှောက်ရေးပံ့ပိုး ကူညီထောက်ပံ့မှုများကို ယနေ့တွင် Video Conferencing စနစ်ဖြင့် ဆက်သွယ် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အသက်(၈၀)နှင့်အထက် (၈၅)နှစ်အောက် ဘိုးဘွားများ၊ ထပ်မံ၍စာရင်းကောက်ယူရရှိသော မသန်စွမ်းသူများအား ငွေကြေးတစ်ကြိမ် ထောက်ပံ့ခြင်းအစီအစဉ်ကို ဆောင်ရွက်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နိုင်ငံတော်၏ အကန့်အသတ်ရှိသည့် ဘဏ္ဍာငွေများကို လိုအပ်မှုအရ မိမိတို့ဝန်ကြီးဌာနက တာဝန်ယူရသည့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် မိမိတို့ဌာနတစ်ခုတည်း ဆောင်ရွက်၍မရပါကြောင်း၊ မြေပြင်တွင် အနီးကပ်ကြီးကြပ်တာဝန်ယူရသည့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ၊ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ ယနေ့ထောက်ပံ့မှုများကို အကျိုး ခံစားခွင့်ရှိသူများလက်ဝယ်အရောက် အလေအလွင့်မရှိအောင် အားလုံးကပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ ယနေ့ ဧရာဝတီတိုင်းအတွင်းရှိ အသက်(၈၀)နှင့် အထက် (၈၅)နှစ်အောက် ဘိုးဘွားများ၊ ထပ်မံ၍ စာရင်းကောက်ယူရရှိသော မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေသည် ပမာဏ အားဖြင့် များသည်ဟုဆိုနိုင်ပါကြောင်း၊ စီးပွားရေးပညာရှင်များ၏ ပြောကြားချက်အရ ထိုကဲ့သို့ ဒေသတစ်ခု အတွင်းသို့ ငွေကြေးစီးဆင်မှုများပြားခြင်းသည် ဤဒေသအတွက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ဖြစ်သည်ဟုဆို နိုင်ပါကြောင်း၊ အဆိုပါဆောင်ရွက်ပေးမှုများသည် ပြည်သူ့အစိုးရက ပြည်သူများအတွက် အဘက်ဘက်က ကြိုးပမ်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းကို သိရှိစေလိုပါကြောင်း၊ ယနေ့ ဆောင်ရွက်မှုသည် ဝန်ကြီးဌာန၏ ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်များကို ကိုဗစ်-၁၉ နှင့်ယှဉ်တွဲ၍ မရပ်တန့်စေဘဲ အကောင်အထည်ဖော်နိုင်ခြင်းကို ပြသခြင်းဖြစ်ပါကြောင်းနှင့် လုပ်ငန်းများ အောင်မြင်မှု ရအောင် အားလုံးက ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ကျေးဇူးတင် စကားပြောကြားသည်။
ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးလူမှုရေးဝန်ကြီးက တိုင်းဒေသကြီးအတွင်းရှိ အသက် (၈၀)နှင့်အထက် အသက်(၈၅)နှစ်အောက်ဘိုးဘွား (၄၁,၀၆၂) ဦးအတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၂၃၁ ဒသမ ၈၆၀ သန်း၊ ထပ်မံ၍စာရင်းကောက်ယူရရှိသော မသန်စွမ်းသူ (၂၀,၇၈၆) ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် ၆၂၃ ဒသမ ၅၈၀ သန်းတို့ကို တက်ရောက်လာကြသော ဘိုးဘွားများနှင့် မသန်စွမ်းသူများထံပေးအပ်သည်။ ကျန်ထောက်ပံ့မှုများကို အကျိုးခံစားခွင့်ရှိသူများ လက်ဝယ်အရောက် တာဝန်ယူပေးအပ်သွားမည်ဖြစ်သည်။
မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်း လူမှုကာကွယ်ရေး စောင့်ရှောက်ရေး ဂေဟာတွင် စောင့်ရှောက်ထားသူများအတွက် စားစရိတ်ထောက်ပံ့ခြင်း၊ ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ လူမှုကာကွယ်ရေးစောင့်ရှောက်ရေး ဟိုခိုက်ဂေဟာတွင် စောင့်ရှောက်ထားသူများအတွက် စားစရိတ် ထောက်ပံ့ခြင်းနှင့် အနာကြီးရောဂါခံစားနေရသူများနှင့် နောက်ဆက်တွဲ မသန်စွမ်းမှုများအတွက် ငွေကြေး တစ်ကြိမ် ထောက်ပံ့ခြင်းအစီအစဉ်ကို ဆောင်ရွက်ရာ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကာလအတွင်း ယခုကဲ့သို့ အထူးလိုအပ်ချက်ရှိသည့် နေရာများနှင့် လူမှုဒုက္ခ ခံစားနေကြရသူများအတွက် နိုင်ငံတော် အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေး ဦးစီးဌာနတို့က စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းနှင့် ယခုကဲ့သို့ လူမှုကာကွယ်စောင့်ရှောက်မှုများကို ကူညီဆောင်ရွက်ပေးကြသည့် ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဒေါ်သန်းမြင့်အောင်က ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားသည်။ ယင်းနောက် ဝါးနက်ချောင်း လူမှုကာကွယ်စောင့်ရှောက်ရေးဂေဟာတွင် စောင့်ရှောက်ထားသောလူဦးရေ (၁၂၀)၏ စားစရိတ်တစ်ရက် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် (၃)လစာ ငွေကျပ်သိန်း ၆၀ ကို ဂေဟာတာဝန်ရှိသူများသို့ ပေးအပ်သည်။
ဆက်လက်၍ ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်ရှိ ဟိုခိုက်ဂေဟာတွင် စောင့်ရှောက်ထားသော လူဦးရေ (၈၉) ဦး၏ စားစရိတ် တစ်ရက် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် (၃)လစာ ငွေကျပ်သိန်း ၆၀၊ အနာကြီးရောဂါခံစား နေရသူ (၈၉) ဦးအတွက် တစ်ဦးလျှင်ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၄၄ ဒသမ ၅ သိန်းတို့ကို ဂေဟာ တာဝန်ရှိသူများထံသို့ ပေးအပ်ကြသည်။
ဆက်လက်၍ မှော်ဘီမြို့နယ် ဝါးနက်ချောင်းဂေဟာတာဝန်ရှိသူတစ်ဦးနှင့် လွိုင်လင်မြို့နယ်၊ ဟိုခိုက်ဂေဟာ တာဝန်ရှိသူတစ်ဦးတို့က ထောက်ပံ့မှုများအတွက် ကျေးဇူးတင်စကားများ ပြန်လည် ပြောကြားခဲ့ကြသည်။
ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းချောင်ကျေးရွာ နာတာရှည်ရောဂါခံစားနေရသူများ စောင့်ရှောက်ရေး မေတ္တာပရဟိတဂေဟာအတွက် စားစရိတ်ထောက်ပံ့ခြင်း၊ နာတာရှည်ရောဂါခံစားနေကြ ရသူများအတွက် ငွေကြေးတစ်ကြိမ်ထောက်ပံ့ခြင်းကို ဆောင်ရွက်ရာတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့် အမှာစကားပြောကြားပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဒေါ်သန်းမြင့်အောင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြန်လည်ထူထောင်ရေးဦးစီး ဌာန တာဝန်ရှိသူများက မေတ္တာပရဟိတ ဂေဟာအတွက် (၃)လစာ စားစရိတ် စုစုပေါင်းငွေကျပ် သိန်း ၁၂၀နှင့် အနာကြီးရောဂါသည် (၁၄၅) ဦးအတွက် စုစုပေါင်းငွေကျပ် ၇,၂၅၀,၀၀၀ ကို ဂေဟာတာဝန်ရှိသူများထံ ပေးအပ်ကြသည်။
ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ပံ့မှုများအတွက် ပြည်သူများကိုယ်စား ကျေးဇူးတင်စကားပြောကြားပြီး ဒုတိယဝန်ကြီး ဦးစိုးအောင်က ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) စီမံချက်အရ ထောက်ပံ့ပေးနေမှု များ နှင့်ပတ်သက်ပြီး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


