ပဲခူး ၃၀ ဩဂုတ်

 

သြဂုတ် ၂၉ ရက် နံနက် ၁၁ နာရီခွဲက ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ စည်ပင်သာယာခန်းမ၌ စစ်တောင်းတံတား(အုတ်ဖြတ်) ချဉ်းကပ်လမ်းတည်ဆောက်ရာတွင် ပါဝင်သွားသည့် မြေယာများအတွက် ဒေသခံပြည်သူများအား လျော်ကြေးငွေပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။

 

ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြို့ပြ/ကျေးလက် အချိုးညီ လူမှုရေး၊ စီးပွားရေးအချိုးညီ ဖွံ့ဖြိုးတိုးတက်စေရန် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လမ်းဖောက်လုပ်ခြင်း၊ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ခြင်း၊ တံတားတည်ဆောက်ခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်စီမံကိန်းများအတွင်း ပါဝင်သွားသည့် ဒေသခံပြည်သူများ နစ်နာမှုမရှိစေရေး လျော်ကြေးငွေများ ပေးအပ်ရခြင်းဖြစ်ပြီး ဒေသခံပြည်သူများအနေဖြင့်လည်း မိမိတို့၏ ဒေသ၊ ရပ်ရွာ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်မှုအပေါ် နားလည်မှုရှိစေလိုကြောင်း ပြောကြားခဲ့သည်။

 

1

 

ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တာဝန်ရှိသူများက ဖြူး-မုန်း-အုတ်ဖြတ်လမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးတံတား(အုတ်ဖြတ်) ချဉ်းကပ်လမ်းတည်ဆောက်ရာတွင် ပါဝင်သွားသည့် တောင်ငူမြို့နယ်မှ တောင်သူ(၅)ဦး၊ ကျောက်ကြီးမြို့နယ်မှ တောင်သူ(၁၄)တို့၏ လယ်ယာမြေ ၅ ဒသမ ၈၉ ဧကအတွက် (၁)ဧကလျှင် ငွေကျပ်သိန်း ၅၀ နှုန်းဖြင့် ကျပ် ၂၉၄ ဒသမ ၅ သိန်းနှင့် ကိုင်းမြေ ၅ ဒသမ ၆၅ ဧကအတွက် (၁)ဧကလျှင် ကျပ်သိန်း ၃၀ နှုန်းဖြင့် ကျပ် ၁၆၉ ဒသမ ၅ သိန်း စုစုပေါင်းမြေယာ ၁၁ ဒသမ ၅၄ ဧကအတွက် လျော်ကြေးငွေကျပ် ၄၆၄ သိန်းအား ပေးအပ်ခဲ့ကြပြီး  ဒေသခံတောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

ဆက်လက်၍ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အဖွဲ့သည် မွန်းလွဲပိုင်း၌ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့၊ မြို့မ(၂)ရပ်ကွက် ရွှေစေတီဘုန်းတော်ကြီးကျောင်း ဆရာတော်ထံသို့ သွားရောက်ဖူးမြော်ကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။

 

ယင်းနောက် တက်ရောက်လာသည့် ဇေယျဝတီမြို့ ဒေသခံပြည်သူများက မြို့မ(၁)ရပ်ကွက်ရှိ အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်းခွဲ  ကျောင်းဆောင်သစ် တိုးချဲ့ပေးရန်၊ အရှေ့ရမ်ပူ-အနောက်ရမ်ပူ ကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်း ပေ(၂၂၀၀)ခင်းပေးရန်၊ ဇေယျဝတီ (၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံ လစ်လပ်ဝန်ထမ်းများ ခန့်ထားပေးရန်၊ ကျောင်းစုကျေးရွာမှ ဂနက်စီကျေးရွာသို့ ဆက်သွယ်ထားသောလမ်း ဆောင်ရွက်ပေးရန်၊ ကျောင်းစုစာကျက်မြေကိစ္စအား ဖြေရှင်းပေးရန်နှင့် မြို့မ(၂)ရပ်ကွက် သီရိမင်္ဂလာ(၃)လမ်းနှင့် (၄)လမ်းအား ကျောက်ချောလမ်း ခင်းပေးရန်တို့အား တင်ပြခဲ့ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)