ကော့သောင်း ၃၀ သြဂုတ်
ကော့သောင်းခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပုံမှန်ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများအတွင်း သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထည့်သွင်းထိုးနှံမည့် အစီအစဉ်အား မိတ်ဆက်အသိပေး ရှင်းလင်းပွဲ အခမ်းအနားတစ်ရပ်ကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကော့သောင်းမြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက အဖွင့်ပြောကြားပြီး ကော့သောင်းခရိုင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဆရာဝန်ကြီး ဒေါက်တာလင်းထိုက်က သားအိမ်ခေါင်း ကင်ဆာရောဂါဆိုင်ရာ သိကောင်းစရာများ၊ ကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အသက်အရွယ်အလိုက် သားအိမ်ခေါင်းကင်ဆာရောဂါ ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံမှုတွင် ကြုံတွေရနိုင်သည့် အခြေအနေများနှင့် အန္တရာယ်ကင်းရှင်းနိုင်မှုဆိုင်ရာ သိသင့်သိထိုက်သည်များ၊ ခရိုင်နှင့်မြို့နယ်အတွင်း ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် အသက်အရွယ် အပိုင်းအခြားအလိုက် အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထည့်သွင်းထိုးနှံပေးမည့် လုပ်ငန်းအစီအမံများအား အသိပေးမိတ်ဆက် ရှင်းလင်းပြောကြားသည်။
ယင်းနောက် အခမ်းအနားတက်ရောက်လာသူများက ခရိုင်အတွင်း သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်များနှင့်စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းဆွေးနွေးရာ ခရိုင်ဆရာဝန်ကြီး ဒေါက်တာလင်းထိုက်က ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားသည်။
အဆိုပါကာကွယ်ဆေးအား ကော့သောင်းခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် ၉ နှစ်ကျော် ၁၀ နှစ်မပြည့်မီ အမျိုးသမီးငယ်များအား သြဂုတ်လအတွင်း စတင်ထိုးနှံပေးပြီး စက်တင်ဘာလအတွင်း ရပ်ကွက်နှင့်ကျေးရွာများအတွင်းရှိ အမျိုးသမီးငယ်များအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)


