ပဲခူး ၃၀ ဩဂုတ်

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဩဂုတ် ၃၀ ရက် နံနက်ပိုင်းက တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရေတာရှည်မြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုကြသည်။

 

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေတာရှည်မြို့နယ် ခင်တန်းကြီးကျေးရွာအုပ်စု စမိုးချောင်း ရေကြီးရေလျှံဖြစ်ပေါ်မှု မရှိစေရေးအတွက် ချောင်းဖြတ်တံတားများအား သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များကို သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

 

2

 

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေတာရှည်မြို့ (၆)ရပ်ကွက်ရှိ ပေါက်ဘုရားကျောင်းဆရာတော်နှင့် ကျောက်ချောင်းကျေးရွာ ဆရာတော်တို့အား သွားရောက်ဖူးမြော်ကန်တော့ကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ခင်တန်းကြီးကျေးရွာအုပ်စု ဖွံ့ဖြိုးရေးအတွက် ပေါက်ချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျေးရွာနေပြည်သူများနှင့်တွေ့ဆုံ၍ ဖွံ့ဖြိုးရေးလိုအပ်ချက်များဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လျှပ်စစ်မီးလင်းရေးဆိုင်ရာ တင်ပြတောင်းဆိုချက်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်နှင့်အတူ ရေတာရှည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့ တက်ရောက်ပြီး နန်ချွန်- ဖျံချောင်း- ဖားပေါင်တင်လမ်း ကျောက်ရောမြေခင်းခြင်းအတွက် ငွေကျပ်(၂၄)သန်း၊ ဂွေးချောင်းရိုးဟောင်း ရေထွက်ပေါက်ဖောက်လုပ်ရာတွင် ပါဝင်သွားသည့် စိုက်ပျိုးမြေများအတွက် တောင်သူများထံ မြေယာ/သီးနှံလျှော်ကြေးငွေ ကျပ် ၂၇၃၇၅၀၀၊ ခင်တန်းကြီးကျေးရွာ အ.မ.က(မူလွန်)ကျောင်း ကျောက်တိုင်သံဇကာကာရံခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် ငွေကျပ် ၄၅ သိန်းတို့အား သက်ဆိုင်ရာတာဝန်ရှိသူများထံ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)