အင်းတော် ၃၀ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသအတွင်း CERP အစီအစဉ်ဖြင့် မိုးစပါးစီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ဩဂုတ် ၂၉ ရက် နံနက် ၁၀ နာရီက အင်းတော်မြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားတွင် အင်းတော်မြို့နယ် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသိန်းတန်က အမှာစကားပြောကြားခဲ့ပြီး ကသာခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်သီးနှံကာကွယ်ရေး တာဝန်ခံ ဦးအောင်မျိုးဦးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်းခိုင်တို့က CERP အစီအစဉ်ဖြင့် ဆောင်ရွက်နေသော မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသော တာဝန်ရှိသူများက မိုစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေများကို အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
အင်းတော်မြို့နယ်အနေဖြင့် မြို့နယ်အတွင်း မိုးစပါးစီးပွားဖြစ် မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ် ဧက ၅၅၀ စိုက်ပျိုးထားရှိပြီး ပထမအကြိမ် မျိုးစေ့ဖိုးနှင့် လုပ်အားခတန်ဖိုးအဖြစ် မှော်ဘီ၊ ဆင်းဧကရီ-၃ စိုက်ပျိုးတောင်သူများအတွက် တစ်ဧကလျှင် ကျပ် ၈၃၅၀၀ နှုန်း၊ ဧရာမင်း စိုက်တောင်သူများအတွက် တစ်ဧကလျှင် ကျပ် ၈၅၅၀၀ နှုန်း ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လူအောင်(ကသာ)


