ကယား ၃၀  ဩဂုတ်

သီတဂူတက်လမ်း စက္ခုဒါနဆေးရုံ (လွိုင်ကော်)တွင် အုပ်ချုပ်ရေးမှူး ဆရာတော် အရှင်ဘဒ္ဒန္တဝေပုလ္လ ဦးဆောင်မှုဖြင့် ကယားပြည်နယ် သွားနှင့်ခံတွင်း အဖွဲ့ခွဲ ဆရာ၀န်များအသင်းတို့ ပူးပေါင်း၍ ၂၀၁၉ ခုနှစ်မှ စတင်ကာ၊ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ကုသပေးလျက်ရှိပြီး၊ ကျေးရွာများကိုလည်း တစ်လလျှင် (၂)ကြိမ်နှုန်း သွားရောက်ကုသပေးလျက်ရှိသည်။

 

COVID-19 ကာလကြောင့် ကုသမှုကို ခေတ္တရပ်နားထားပြီး၊ ရက်သတ္တပတ် (၃)ပတ်အတွင်း ပြန်လည် ဖွင့်လှစ်ကာ ကုသမှုပေးလျက်ရှိသည်။ အခြေခံလူတန်းစားများ သက်သာချောင်ချိရေးအတွက် ရည်ရွယ်ပြီး (၇) ရက်သားသမီး အလှူရှင်များ၏ လှူဒါန်းမှုဖြင့် သီတဂူတက်လမ်း စက္ခုဒါနဆေးရုံ (လွိုင်ကော်)တွင် သွားနှင့်ခံတွင်း စက်ပစ္စည်းများ၊ ဆေးဝါးများစီစဉ် ဆောင်ရွက်ထားကြောင်း သိရှိရသည်။


ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ၊ လာရောက်ပြသသည့် လူနာများကို ကိုယ်အပူချိန်တိုင်းတာခြင်း၊ လူစုလူဝေးမဖြစ်အောင် (၆)ပေအကွာ စနစ်တကျ ထိုင်စေခြင်းတို့ ဆောင်ရွက်ပြီး တစ်ပတ်လျှင် ဆရာ၀န် (၂) ဦး၊ လုပ်အားပေးအဖွဲ့ (၅) ဦး တို့က လုပ်အားဒါနပြုကြသည်။

 

သီတဂူတက်လမ်း စက္ခုဒါနဆေးရုံ (လွိုင်ကော်)တွင် သွားနှင့်ခံတွင်းအပြင် မျက်စိ၊ နှာခေါင်းကွဲ၊ အာခေါင်ကွဲ၊ ပလတ်စတစ်ဆာဂျရီ လူနာရှင်များကိုလည်း ကုသပေးလျက်ရှိသည်။ ဆေးရုံတွင် လူနာများ ကုသနိုင်ရေးအတွက် (၇) ရက်သားသမီးများ၊ အလှူရှင်စေတနာရှင်များက ကုသိုလ်ပြု ပါ၀င်လှူဒါန်း လိုပါက အုပ်ချုပ်ရေးမှူး ဆရာတော် အရှင်ဘဒ္ဒန္တဝေပုလ္လထံ လာရောက်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

 

#MRTV