ဖားကန့် ၃၀ ဩဂုတ်
ကချင်ပြည်နယ်၊ ဖားကန့်/လုံးခင်း ရတနာနယ်မြေအတွင်း ဒေသခံဦးစားပေးစနစ်ဖြင့် ကျောက်စိမ်း တူးဖော်ရန် ဒုတိယအကြိမ် လက်လုပ်လက်စားလုပ်ကွက်များအား ခွင့်ပြုချထားပေးနိုင်ရေးအတွက် ဖားကန့် မြို့၊ မော်ဝမ်းရပ်ကွက်၊ စုပေါင်းရုံးအဝင် OSS(One Stop Service)ရုံး၌ သြဂုတ် ၂၄ ရက်နေ့မှစတင်ပြီး ၁၄ ရက်ကြာ အဆိုပြုလျှောက်လွှာများ စိစစ်ရောင်းချပေးလျက်ရှိသော်လည်း ယနေ့တစ်ပတ်ပြည့်ချိန်အထိ လျှောက်လွှာပေါင်း (၃၃)စောင်သာ ရောင်းချရသေးပြီး သုံးဦးသာ လျှောက်လွှာတင်ထားကြောင်း သိရသည်။
ကျောက်အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်လျက်ရှိသူ မော်စီစာကျေးရွာမှ ကိုပွားလေးက “ဒေသခံ ဦးစားပေးစနစ်က ကောင်းပါတယ်၊ လုပ်ကွက်ချထားပေးတဲ့နေရာတွေပဲ မကောင်းတာ၊ ခုချပေးတဲ့ တာမခံ ဆိုတာလည်း တူးစရာသိပ်မရှိဘူး၊ နန့်ယာဘက်လည်း ခေတ်ကကုန်ပြီ၊ နမ္မဖြစ်(မလန်း)လည်း ကျောက်တော့ထွက်ပါတယ် ဒါပေမယ့် မျိုးနုတယ်၊ ကျွန်တော်ကိုယ်တိုင် အရင်နှစ်က မလန်းဘက်မှာ တူးစမ်းဖူးလို့သိတာ” ဟု ပြောသည်။
တူးဖော်ခွင့်ပြုသည့် တစ်နှစ်အတွင်း ကျောက်ထွက်ဖို့ မလွယ်ကူသည့်အပြင် လူအားနှင့်ရိက္ခာဖိုးကလည်း မထောင်းသာသည့်အတွက် စွန့်စားလုပ်ကိုင်လိုသူ နည်းပါးနေခြင်းဖြစ်သည်ဟုလည်း ၎င်းက သုံးသပ်သည်။
ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက “လုံးခင်း/ဖားကန့်ရတနာနယ်မြေမှာက ပထမအကြိမ် လက်လုပ်လက်စားလုပ်ကွက်တွေ ချထားတုန်းက လုပ်ကွက်လျှောက်ဖို့ကျန်တဲ့ လုပ်ကွက်တွေထဲက ဒုတိယအကြိမ် ပြန်ချထားပေးတာ ဖြစ်ပါတယ်” ဟု လက်လုပ်လက်စား ဒုတိယအကြိမ်ချထားပေးမှုနှင့်စပ်လျဉ်းပြီး ပြောကြားထားသည်။
လက်လုပ်လက်စား လုပ်ကွက်များကို ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လုပ်ကွက်စိစစ်ချထားပေးရေးအဖွဲ့က ခွင့်ပြုချထားပေးခြင်း ဖြစ်ကြောင်းနှင့် အသေးစားနှင့် အလတ်စား လုပ်ကွက်များကို ပြည်ထောင်စု အစိုးရအဖွဲ့မှ လုပ်ကိုင်ခွင့်ပြုပေးခြင်းဖြစ်ကြောင်း သိရသည်။
ဖားကန့်ဒေသအတွင်း ပထမအကြိမ် လက်လုပ်လက်စား ကျောက်မျက်တူးဖော်ရေးလုပ်ကွက်များအဖြစ် ၃၇၆ ကွက်ကို မတ်လ ၃ ရက်နေ့မှ ၁၃ ရက်နေ့အထိ ၁၀ ရက်ကြာ အဆိုပြုလျှောက်လွှာ တင်သွင်းခွင့်ပြုခဲ့ရာ လျှောက်လွှာပေါင်း ၃၃၂ စောင် ရောင်းချခဲ့ရသော်လည်း အမှန်တကယ် လျှောက်လွှာတင်သူ ၁၄၁ ဦးသာ ရှိခဲ့သည့်အနက် ကချင်ပြည်နယ်အစိုးရအဖွဲ့က လုပ်ကွက် ၈၇ ကွက်ကို သတ်မှတ်ချက်နှင့်အညီ ခွင့်ပြုချထားပေးခဲ့သည်။
ယခု ဒုတိယအကြိမ်အဖြစ် ကျောက်မျက်တူးဖော်ရေး လက်လုပ်လက်စားလုပ်ကွက် ၂၈၆ ကွက်ကို ခွင့်ပြုချထားပေးနိုင်ရန် လျာထားသော်လည်း စိတ်ပါဝင်စားသူ နည်းပါးလျက်ရှိနေသည်။
တာလင်းမောင်(ပြန်/ဆက်)


