နေပြည်တော် ၃၀  သြဂုတ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်သည် ယနေ့နံနက် ၉ နာရီက နေပြည်တော် လယ်ဝေးမြို့နယ် သစ်ဆိမ့်ပင်ကျေးရွာ စိုက်ပျိုးနည်းပညာ ပြန့်ပွားရေးစင်တာတွင် မိုးစပါးမျိုးစေ့ထုတ် အကျိုးဆောင်တောင်သူများအား ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဝင်းဦးက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများ၊  မိုးသီးနှံစိုက်ပျိုးပြီးစီးမှု အခြေအနေနှင့် CERP အရ ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးက ဆွေးနွေးပြောကြားရာ၌ ကမ္ဘာ့ကူးစက်မြန် ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် လူစုလူဝေးဖြင့် ဆောင်ရွက်ရသော စီးပွားရေး၊ ပညာရေး၊ လူမှုရေး စသည့် ကဏ္ဍပေါင်းစုံကို ထိခိုက်မှု ရှိနေသော်လည်း စိုက်ပျိုးရေးလုပ်ငန်း ၏ သဘာဝအရ လေဝင်လေထွက်ကောင်းသော ဝန်းကျင်၌ လူတစ်ဦးနှင့် တစ်ဦး ထိုက်သင့်သည့်အကွာအဝေးတွင် လုပ်ငန်းဆောင်ရွက်နိုင်ကြ သည့်အတွက် လယ်ယာလုပ်ငန်းကို အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန် နိုင်ငံတော်က ကိုဗစ်-၁၉ ကြောင့် ဖြစ်ပွားသည့် စီးပွားရေးအကျပ် အတည်းများမှ အမြန်ဆုံး ရုန်းထွက်နိုင်ရေးကာလတို စီမံချက်ဖြစ်သည့် " ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက်" (CERP)တွင် လယ်ယာကဏ္ဍဆိုင်ရာ အထောက်အပံ့ကို ထည့်သွင်းဆောင်ရွက် ခဲ့ပါကြောင်း၊ ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံစေရေး၊ ပြည်ပဝင်ငွေတိုးတက်ရရှိရေးတို့အတွက် အားကိုးအားထား ပြုနေရသည့် တောင်သူများအနေဖြင့်လည်း မိမိတို့မိသားစုနှင့် မိမိတို့ရပ်ရွာ ဘေးကင်းကျန်းမာရေးကို အလေးဂရုပြုကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးလှကျော်၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းတို့က မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား CERP အရ ထောက်ပံ့ငွေများ ပေးအပ်ကြသည်။

 

ယင်းနောက် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် စပါးမျိုးယှဉ်ပြိုင်စမ်းသပ်ကွက်နှင့် အကျိုးဆောင်တောင်သူများ စိုက်ပျိုးထားသည့် မိုးစပါးမျိုးစေ့ထုတ် စိုက်ကွင်းများကို ကြည့်ရှုစစ်ဆေးအားပေးကြသည်။

 

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ယခုနှစ် မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်း ၃၈၂၉ ဒသမ ၅ ဧက စိုက်ပျိုးရန်လျာထားပြီး ယနေ့အထိ (၆၉ ဒသမ ၉၉ ရာခိုင်နှုန်း) ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ မိုးစပါး ၁၄၄၀၈၂ ဧက အပါအဝင် မိုးသီးနှံစုံ စိုက်ဧကစုစုပေါင်း ၃၀၉၂၂၁ ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် သော်မှော်ကုန်းကျေးရွာ ကျေးရွာပိုင် ဟင်းသီးဟင်းရွက်စိုက်ခင်းနှင့် မိသားစုအိမ်ခြံဝန်းစိုက်ခင်းများကို ကြည့်ရှုစစ်ဆေး အားပေးကြသည်။

 

လယ်ဝေးမြို့နယ်ရှိ သော်မှော်ကုန်း၊ ကံသာ၊ ကျွန်းကုန်း၊ ကြံခင်းစု၊ ရန်ကင်း စသည့်ကျေးရွာ (၅)ရွာအပါအဝင် နေပြည်တော် အတွင်း ကျေးရွာပေါင်း ၄၀ ၌ Myanmar SMU စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ လူနေမှုပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေး၊ ဝင်ငွေတိုးပွားရေး စသည့်လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်လျက်ရှိကြောင်း သိရသည်။

 

ယင်းမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် သစ်တပ်ကျေးရွာတွင် CERP အရ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် Cash for Work စီမံကိန်းလုပ်ငန်းကို ကြည့်ရှု စစ်ဆေးအားပေးရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

 

သစ်တပ်ကျေးရွာတွင် Cash for Work စီမံကိန်းကို နိုင်ငံတော်၏ထောက်ပံ့ငွေ ကျပ်သိန်း (၁၀၀) ဖြင့် အုတ်စီရေမြောင်းတူးဖော်ခြင်း၊ မြေသားမြောင်းတူးဖော်ခြင်း လုပ်ငန်းများကို ဒေသနေ ပြည်သူများ ဝင်ငွေရရှိရေးနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထို့နောက် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် မိုးစပါးမျိုးစေ့ထုတ်စိုက်ကွင်းများ၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနရှိ သုတေသနစိုက်ခင်းများနှင့် မျိုးစေ့ပြခန်းများ၊ သုတေသန ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းနှင့် သုတေသနပညာရှင်များက ရှင်းလင်းပြသကြကြောင်း သိရသည်။

(သတင်းစဉ်)