နေပြည်တော် ၃၀ ဩဂုတ်
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၌ ဩဂုတ် ၂၉ ရက် ညနေ ၅ နာရီ ၁၀ မိနစ်က ရွှေဆိုင်တစ်ဆိုင်အား လုယက်မှု ကျူးလွန်သူများကို ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြည်မြို့၊ ရွှေကူရပ်ကွက်၊ ရွှေတချောင်းလမ်းနှင့် ပန်းပဲတန်းလမ်းထောင့်ရှိ “မေ့သရဖူ” ရွှေဆိုင်သို့ ဆင်ပိုက်ကျေးရွာနေ ထက်ဇော်အောင် (၂၃)နှစ်နှင့် ပြည့်ဖြိုးအောင် (၂၄)နှစ်တို့သည် ခဲစေ့ထည့်ပစ်ရသော ပစ္စတိုပုံစံ ဂတ်စ်သေနတ် ၁ လက်နှင့် Nato တံဆိပ်ပါ ငရုပ်ကောင်းဖျန်းဆေးဘူး ၁ ဘူးအား ကိုင်ဆောင်ပြီး ဆိုင်ကယ်ဖြင့် ရောက်ရှိလာကာ ဆိုင်အတွင်းဝင်ရောက်၍ ရွှေဆိုင်ရှင်ဖြစ်သူ ကိုအောင်နိုင်လင်း (၄၃)နှစ်အား ‘မလှုပ်နဲ့ စကားမပြောနဲ့၊ လှုပ်ရင်သတ်ပစ်မယ်’ ဟုပြောဆိုပြီး ကောင်တာမှန်အားဩရိုက်ခွဲကာ ရွှေထည်ပစ္စည်းများအား ဆာလာအိတ်အတွင်း ထည့်ယူနေစဉ် ကိုအောင်နိုင်လင်းမှ ပြန်လည်ထိုးကြိတ်ခုခံခဲ့သောကြောင့် ၎င်းတို့ ၂ ဦးမှ ဂတ်စ် သေနတ်ဖြင့် ၅ ချက်ခန့်ပစ်ခတ်ကာ ငရုပ်ကောင်းဆေးဗူးဖြင့် ပက်ဖျန်းခဲ့ရာ ကိုအောင်နိုင်လင်းတွင် ဒဏ်ရာများရရှိခဲ့ကြောင်း၊
ထိုသို့ ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ် ဆိုင်အနောက်ဘက်နေအိမ်ရှိ ကိုအောင်နိုင်လင်း၏ ယောက္ခမဖြစ်သူ ဒေါ်အေးမြင့်(၇၀)နှစ်မှ ပတ်ဝန်းကျင်အား အော်ဟစ်အကူအညီတောင်းခံသဖြင့် အမှတ်(၁)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ပြည်သူများမှ ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ ထက်ဇော်အောင်နှင့် ပြည့်ဖြိုးအောင်တို့(၂)ဦးအား ဖမ်းဆီး ရမိခဲ့သောကြောင့် ၎င်းတို့(၂)ဦးကို အမှတ်(၁)နယ်မြေရဲစခန်းမှ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)