သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်
၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၂) ပထမနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ ရန်ကုန်အသင်း နိုင်ပွဲပြန်ရပြီး ဇယားထိပ်ဆုံးမှ ဟံသာဝတီအသင်း နိုင်ပွဲဆက်ခဲ့သည်။
YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်အသင်းက ရတနာပုံအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ MNL စတင်ကတည်းက ပြိုင်ဘက်များဖြစ်ခဲ့သည့် ရန်ကုန်နှင့် ရတနာပုံအသင်းတို့၏ တွေ့ဆုံမှုမှာ အပြန်အလှန်ရှိခဲ့ပြီး ရန်ကုန်အသင်းက နိုင်ပွဲရခဲ့သောကြောင့် ချန်ပီယံလမ်းကြောင်းပေါ်တွင် ဆက်ရှိနေခဲ့သည်။
ရန်ကုန်အသင်းသည် နည်းပြသစ် ဦးမင်းထွန်းလင်းလက်ထက် ပထမဆုံးပွဲတွင် နိုင်ပွဲရယူနိုင်ခဲ့၍ ကျေနပ်စရာ ဖြစ်ခဲ့သည်။ ရတနာပုံအသင်းသည် နှစ်ပွဲဆက်တိုက် ဂိုးပြတ်အနိုင်ရထားသော်လည်း ယခုပွဲတွင် အဆုံးသတ် အားနည်းခဲ့၍ နိုင်ပွဲနှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်အသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲ ကြီးကြီးမားမားမလုပ်ဘဲ နောက်ဆုံးကစားသည့် ဟံသာဝတီနှင့် ပွဲလူစာရင်းမှနှစ်ဦးသာ အပြောင်းအလဲ ပြုလုပ်ခဲ့သည်။ ရတနာပုံအသင်းမှာလည်း မကွေးကို ဂိုးပြတ် အနိုင်ရခဲ့သည့် လူစာရင်းအတိုင်း ဆက်လက်ယှဉ်ပြိုင်ခဲ့သည်။
ပွဲအစကတည်းက နှစ်သင်းစလုံး အပြန်အလှန် တိုက်စစ်ဆင်နိုင်ခဲ့ပြီး ၁၅ မိနစ်တွင် ကောင်းထက်စိုးက ရန်ကုန် အသင်းအတွက် အဖွင့်ဂိုးသွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် နှစ်သင်းစလုံး အခွင့်အရေး အပြန်အလှန်ရသော်လည်း ရတနာပုံအသင်းက ချေပဂိုး ရနိုင်သည့်အခြေအနေ ပိုင်ဆိုင်ခဲ့ပြီး ဝင်းနိုင်စိုး အသုံးမချနိုင်ခဲ့၍ နစ်နာခဲ့ရသည်။
ဒုတိယပိုင်းအစတွင် ရတနာပုံအသင်းက ချေပဂိုးပြန်ရရန် ကြိုးပမ်းလာသော်လည်း မိနစ် ၆၀ တွင် ရန်ကုန်အသင်း ဒုတိယဂိုး ထပ်ရခဲ့ပြီး တိုက်စစ်မှူး ဘာဖိုက သွင်းယူခဲ့ခြင်းဖြစ်သည်။ ၇၇ မိနစ်တွင် လှိုင်းဘိုဘိုက ပြစ်ဒဏ်ဘောမှ တစ်ဆင့် ရတနာပုံအတွက် ချေပဂိုးတစ်ဂိုး ပြန်သွင်းခဲ့၍ ပွဲမှာအသက်ဝင်လာသော်လည်း ၈၅ မိနစ်တွင် ရန်ကုန်အသင်းက အနိုင်သေချာစေမည့် တတိယဂိုးရရှိခဲ့သည်။ ယင်းဂိုးကို နောက်ခံလူ အဘူဘာကာက ပြစ်ဒဏ်ဘောမှ ခေါင်းတိုက်သွင်းယူခဲ့ခြင်း ဖြစ်သည်။
သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ဟံသာဝတီအသင်းက အားကာသိပ္ပံအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ရာသီဝက်ချန်ပီယံ ဟံသာဝတီအသင်း နိုင်ပွဲဆက်ခဲ့သော်လည်း ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပြီး ပွဲပြီးခါနီး သွင်းဂိုးကြောင့်သာ အမှတ်ပြည့်ရခဲ့ခြင်းဖြစ်သည်။
ဟံသာဝတီအသင်းသည် ပထမပိုင်းတွင်ရရှိသည့် ပယ်နယ်တီကို ဝင်အောင် မသွင်းနိုင်ခဲ့သလို မိနစ် ၈၀ တွင် ဂိုးသွင်း ယူနိုင်သော်လည်း လူကျွံဘောအဖြစ် သတ်မှတ်ခံရ၍ နစ်နာခဲ့ရသည်။ အနိုင်ဂိုးကိုမူ ပွဲပြီးခါနီးတွင်ရရှိသည့် ပယ်နယ်တီကို အီမီကာက သွင်းယူခဲ့ခြင်းဖြစ်သည်။
ပဒုမ္မာကွင်း၌ ကျင်းပသည့်ပွဲတွင် Southern အသင်းနှင့် ဧရာဝတီအသင်းတို့ တစ်ဂိုးစီ သရေကျခဲ့သည်။ ဒုတိယနေရာမှ ဧရာဝတီအသင်းအတွက် နစ်နာသည့် သရေပွဲဖြစ်ခဲ့ပြီး ထိပ်ဆုံးမှ ဟံသာဝတီနှင့် သုံးမှတ်ကွာဟ သွားခဲ့သည်။ ၁၀ မိနစ်တွင် သန်းထက်အောင်က ဧရာဝတီအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်သော်လည်း ၂၂ မိနစ်တွင် အောင်မြတ်သူက ပယ်နယ်တီမှတစ်ဆင့် Southern အတွက် ချေပဂိုးပြန်သွင်းခဲ့သည်။
ပွဲစဉ် (၁၂) ဒုတိယနေ့ကို သြဂုတ် ၃၁ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး သုဝဏ္ဏကွင်း၌ ရှမ်းယူနိုက်တက်နှင့် စစ်ကိုင်း၊ YUSC ကွင်း၌ မကွေးနှင့် ရခိုင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။