ရန်ကုန် ၃၀  ဩဂုတ်

အိမ်တော်ရာစေတီတော် ဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသည့် အရံစေတီနှစ်ဆူနှင့် ရင်ပြင်တော်ပေါ်ရှိ ဌာပနာစေတီတို့အား ရွှေသင်္ကန်းကပ်လှူပြီးစီးမှုအထိမ်းအမှတ် ရေစက်ချလှူဒါန်းပွဲနှင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အိမ်တော်ရာစေတီရင်ပြင်တော် သာသနာ့ရံသီသိမ်တော်ကြီး၌ ကျင်းပသည်။

 

အခမ်းအနားသို့ စေတီတော်သြဝါဒါ စရိယဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းညွန့်နှင့် တာဝန်ရှိသူများ၊ စေတီတော်ဂေါပက အဖွဲ့ဝင်များ တက်ရောက် ကြည်ညိုကြသည်။

 

ရှေးဦးစွာ စေတီတော်သြဝါဒါစရိယဆရာတော် ဘဒ္ဒန္တရေဝတ ထံမှ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များက မေတ္တသုတ် ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္စျာယ်ချီးမြှင့်တော်မူကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဂေါပကအဖွဲ့ဝင်များက ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းကြပြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌ သဒ္ဓမ္မဇောတိကဓဇ ဗိုလ်မှူးမျိုးမင်း(ငြိမ်း)က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

 

ယင်းနောက် သြဝါဒါစရိယဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ မာမကာ ဘိဝံသ က ရေစက်ချ အနုမောဒနာတရား ချီးမြှင့်တော်မူသည်။

(သတင်းစဉ်)