နေပြည်တော်   ၃၀  ဩဂုတ်

ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် Videoconferencing စနစ်ဖြင့် ဆွေးနွေးပွဲကို   ယနေ့ နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ရခိုင်ပြည်နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မြန်ဆန် နေသဖြင့် အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာဆုံးဖြတ်၍ တုံ့ပြန်ဆောင်ရွက်မှသာလျှင် အချိန်တိုအတွင်း ထိရောက်စွာ ထိန်းချုပ်နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့သည် အချိန်နှင့်တစ်ပြေးညီဖြင့် တယ်လီဖုန်း၊ အီးမေးလ်၊ Viber စနစ်များ တို့ဖြင့် ရခိုင်ပြည်နယ်မှ တာဝန်ရှိသူများနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးနှင့် ဝန်ကြီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်နေသည်ကို တွေ့ရှိရခြင်းသည် ထိန်းချုပ်မှုလုပ်ငန်းများအတွက် ကောင်းမွန်သည့် လက္ခဏာတစ်ရပ်ဖြစ်ပါကြောင်း၊ ကပ်ရောဂါဗေဒနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်မှုပိုင်းဆိုင်ရာမှ လုပ်ဆောင်ရမည့် ကိစ္စများကို ဗဟိုကွင်းဆင်းအဖွဲ့ခေါင်းဆောင်၊ ညွှန်ကြားရေးမှူးထံသို့ ဗဟိုမှ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်ညွှန်ကြား ဆောင်ရွက်လျက်ရှိဖြစ်ကြောင်း။

အဓိကအရေးကြီးသည်မှာ ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများကိုယ်တိုင်ထိန်းချုပ်မှု ကိစ္စရပ်များ၌ ပါဝင်ပူးပေါင်း ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကူးစက်နေသူများ တရားမဝင် ဝင်ပေါက်များမှတစ်ဆင့် ရခိုင်ပြည်နယ် အတွင်းသို့ ကူးစက်ဝင်ရောက်မှုများ ထပ်မံမရှိစေရေးနှင့် ရခိုင်ပြည်နယ်မှတစ်ဆင့်အခြား တိုင်းဒေသကြီး/ ပြည်နယ် များသို့ ကူးစက်မှုများ မပျံ့နှံ့နိုင်စေရေးအတွက် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် အခြားသက်ဆိုင်ရာဝန်ကြီး ဌာနတို့နှင့် ပူးပေါင်းကာ ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ လုပ်ငန်းများပီပြင်မှုရှိစေရန် မိမိတို့ဝန်ထမ်းများမှ ကျန်းမာရေးရှုထောင့်မှ အကူအညီပေးအပ်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါရှိနိုင်သူများ နိုင်ငံအနှံ့အပြားသို့ ရောက်ရှိကာ ရောဂါပျံ့နှံ့ကူးစက်ခြင်း မရှိစေရေးသည်လည်း ယခုအချိန်၌ အထူးအရေးကြီးသဖြင့် သေချာစွာကိုင်တွယ်ရ မည် ဖြစ်ပါကြောင်း။ 

ရခိုင်ပြည်နယ်မှ လေကြောင်းလိုင်းနှင့် ကုန်းလမ်းများမှတစ်ဆင့် ထွက်ခွာသွားသူများကို အသွားအလာ ကန့်သတ်ခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထပ်မံလိုအပ်သော ပစ္စည်းကိရိယာများနှင့် ဝန်ထမ်းများကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ကူညီပံ့ပိုးမှုဖြင့် အထူးလေယာဉ်များဖြင့် ရခိုင်ပြည်နယ်သို့ အမြန်ဆုံး ပို့ဆောင်လျက်ရှိပါ ကြောင်း၊ ဩဂုတ် (၃၁) ရက်တွင် ပြည်သူ့ကျန်းမာရေးဗဟိုကွင်းဆင်းအဖွဲ့ (၁)ဖွဲ့နှင့် ဆေးကုသရေးအဖွဲ့ (၁)ဖွဲ့ကို ကျောက်ဖြူမြို့သို့ ပို့ဆောင်သွားမည် ဖြစ်ပါကြောင်း၊ မိမိသည် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၊ ဥက္ကဋ္ဌ၏ တိုက်ရိုက် လမ်းညွှန်မှုဖြင့် လည်းကောင်း၊ ဗဟိုကော်မတီ အဖွဲ့ဝင်များ၏ အကြံပြုမှုနှင့် ဆွေးနွေးချက်များကိုမူတည်၍ လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ရရှိသော သတင်းအချက်အလက်များအပေါ် မူတည်၍လည်းကောင်း အချိန်နှင့်တစ်ပြေးညီ ထိန်းချုပ်မှုလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထပ်မံကာ ကပ်ရောဂါအငယ်စားလေးများ (Sporadic Outbreak) မဖြစ်ပေါ်စေရေးအတွက် ရခိုင်ပြည်နယ်ရှိ အသွားအလာကန့်သတ်ရာနေရာများ၊ ယာယီစခန်းများနှင့် ပြန်လည်လက်ခံရေးစခန်းများတွင် ဆောင်ရွက်ရမည့်လုပ်ငန်းများကို  ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးနှင့် ဗဟိုကွင်းဆင်း အဖွဲ့ခေါင်းဆောင်တို့အား အသေးစိတ်ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း။

ယခု Videoconferencing ဖြင့်ဆွေးနွေးပွဲကို ရခိုင်ပြည်နယ်၌ ဖြစ်ပေါ်လျက်ရှိသော ပကတိမြေပြင် အခြေအနေကို သိရှိလို၍လည်းကောင်း၊ ဆေးရုံအုပ်ကြီးများနှင့် ဆေးရုံမှ အထူးကုဆရာဝန်ကြီးများ၏ လိုအပ်ချက်များကို သိရှိလို၍ လည်းကောင်း၊ လူမှုရေးဝန်ကြီး၏ ရှုထောင့်မှ ပြောဆိုချက်များ၊ အကြံပြုချက်များနှင့် အထူးသဖြင့် လိုအပ်ချက်များကို အမြန်ဆုံးဖြည့်ဆည်းပေးလို၍လည်းကောင်း ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ဆွေးနွေးအကြံပြုရာတွင် ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသား ဆွေးနွေးပြီး လိုအပ်ချက်များကို ပြောကြားစေလိုပါကြောင်း၊ မိမိတို့သည် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉  စတင်ဖြစ်ပွားခဲ့စဉ်ကကဲ့သို့ပင် နေပြည်တော်၌ ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ နေ့စဉ် နံနက်တိုင်းတွင် ဆွေးနွေး မှုများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာ ရေးနှင့်ကုသရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကိစ္စရပ်များနှင့် အသွားအလာကန့်သတ်ထားရှိမည့် အဆောက်အဦနှင့် စီမံအုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ လည်းကောင်း၊ လူနာများများပြားလာပါထားရှိရန် အဆောက်အဦများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း ပြောကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်နှင့် ဗဟိုကွင်းဆင်းအဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး (ကူးစက်ရောဂါတိုက်ဖျက်ရေး) ဒေါက်တာဉာဏ်ဝင်းမြင့်တို့က ပကတိမြေပြင်အခြေအနေများနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းဆိုင်ရာ အကြံပြုချက်များအား အသေးစိတ် တင်ပြခဲ့ကြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက လက်ရှိတွင် ရခိုင်ပြည်နယ်မှ ကိုဗစ်-၁၉ လူနာများအား ဆေးရုံအသီးသီးတွင် ထားရှိကုသနေမှု အခြေအနေ၊ စစ်တွေမြို့တွင် စစ်တွေပြည်သူ့ဆေးရုံကြီးတွင် သာမက သူနာပြုနှင့် သားဖွားသင်တန်းကျောင်းနှင့် တိုင်းရင်းဆေးရုံတို့တွင် ကိုဗစ်-၁၉ လူနာများ ထားရှိကုသနေမှု၊ စစ်တွေတက္ကသိုလ်တွင် ယာယီဆေးရုံထပ်မံပြုလုပ်ကာ ကိုဗစ်-၁၉ လူနာများထားရှိရန်စီစဉ်နေမှု၊ လိုအပ်ပါက ရခိုင်ပြည်နယ်လွှတ်တော် အဆောက်အဦကိုလည်း ယာယီဆေးရုံအဖြစ် အသုံးပြုနိုင်ရန် လျာထားမှု၊ ဓာတ်ခွဲစစ်ဆေးမှုများအတွက် စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ မြောက်ဦးနှင့် မောင်တောမြို့နယ်များတွင် GeneXpert စက်များတပ်ဆင်ထားမှု၊ စစ်တွေမြို့တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများ၏ မိသားစုဝင်များနှင့် အခြားထိတွေ့ခဲ့သူများ အရေအတွက် များပြားလာ၍ သတ်မှတ်နေရာတွင် အသွားအလာ ကန့်သတ်ခြင်းထားရှိရန် လုံလောက်သောနေရာ၊ အဆောက်အဦ၊ ရေ၊ အိမ်သာရရှိရေးနှင့် ကျွေးမွေးရေး၊ စီမံခန့်ခွဲရေးတို့ ခက်ခဲလာသည့်ကိစ္စနှင့် နေရာသစ်များ ထပ်မံရှာဖွေရန် လိုအပ်နေမှု၊ မိသားစုဝင်တစ်ဦးတွင် ကိုဗစ်-၁၉ ဓာတ်ခွဲတွေ့ရှိပါက အခြားမိသားစုဝင်များကို (facility quarantine) သို့ မပို့ဘဲ နေအိမ်တွင်သာ တင်းကြပ်စွာဖြင့် အသွားအလာ ကန့်သတ်ခြင်းကို ဆောင်ရွက်သင့်/ မသင့်၊ မူဝါဒပြောင်းရန် သင့်/ မသင့်၊ ဆေးရုံရှိကျန်းမာရေးဝန်ထမ်းများအား ရောဂါမကူးစက်စေရေးအတွက် ဆေးရုံများတွင် ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်နေမှု၊ ရွှေ့ပြောင်းတပ်ဆင်အသုံးပြုနိုင်သည့် ယာယီဆေးရုံ များ ဝယ်ယူရန် သင့်/ မသင့်၊ ဆေးရုံများတွင် ကိုဗစ်-၁၉ လူနာများကို ကုသမှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းများ ရပ်ကွက်များတွင် ပြန်လည်နေထိုင်ခြင်းအား ကန့်ကွက်မှုနှင့် ခွဲခြားမှုများရှိနေသည့် ကိစ္စများ၊ ဓာတ်ခွဲစစ်ဆေးမှုများ ပိုမိုပြုလုပ် နိုင်ရန်အတွက် ကျောက်ဖြူမြို့ ပြည်သူ့ဆေးရုံသို့ GeneXpert စက် (၂) လုံးနှင့် ဆက်စပ်ဓာတ်ခွဲပစ္စည်းများကို  ဩဂုတ် ၃၁ ရက်တွင် ထပ်မံပို့ဆောင်ရန် စီစဉ်ထားမှု။

စစ်တွေမြို့နှင့် ကျောက်ဖြူမြို့သို့ Oxygen plant (၁)လုံးစီအား အမြန်ဆုံးတပ်ဆင်ပေးရန် စီစဉ်ထားမှု၊ စစ်တွေမြို့တွင် ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှု အတိုင်းအတာနှင့် ပုံသဏ္ဌာန်တို့ကို သိရှိနိုင်ရေးအတွက် ရောဂါကူးစက်ခံရနိုင်ချေ များပြားသူ များအား ကျပန်းစနစ်ဖြင့် ရွေးချယ်ကာ ဝန်ကြီးဌာနသို့ လှူဒါန်းထားသော Rapid Test Kit (၁,၀၀၀) ဖြင့် IgG နှင့် IgM ရှိ၊ မရှိကို စစ်ဆေးရန်နှင့် Test positive ဖြစ်သူများအား PCR စက်ဖြင့် ဆက်လက်စစ်ဆေးရန်၊ ဆေးတက္ကသိုလ်များမှ ဆေးပညာ ပါမောက္ခ/ဌာနမှူးများ၊ ဝေဘာဂီအထူးကုဆေးရုံနှင့် တောင်ဥက္ကလာပအထူး ကုဆေးရုံတို့မှ ကိုဗစ်-၁၉ လူနာများကိုကုသပေးနေသော ပါမောက္ခများနှင့် အထူးကုဆရာဝန်များက ရခိုင်ပြည်နယ်၊ ဆေးရုံအသီးသီးမှ အထူးကုဆရာဝန် (ဆေးပညာ)နှင့် အထူးကြပ်မတ်ကုသဆောင် (ICU) များမှ ဆရာဝန်များထံသို့  Videoconferencing စနစ်ဖြင့် ကိုဗစ်-၁၉ လူနာကုသမှု အတွေ့အကြုံ၊ ကုထုံးနှင့် ကုသမှုပြုစဉ်ကြုံတွေ့ရနိုင်သည့်အချက်များ စသည်တို့အား ပုံမှန်တစ်ရက်ခြား ဆွေးနွေးသွားရန်၊ ဩဂုတ် (၁၀)ရက်မှစ၍ ပြည်တွင်းလေကြောင်းခရီးစဉ်များဖြင့် ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ လိုက်ပါခဲ့သူများထံ ဆေးသုတေသနဦးစီးဌာနမှ ဆရာဝန်များက တယ်လီဖုန်းနှင့် ဆက်သွယ်ကာ အသွားအလာကန့်သတ်မှုနှင့် ကျန်းမာရေး စစ်ဆေးမှုခံယူရေး ပြောကြားရန်ကိစ္စများအား ဆွေးနွေးတင်ပြခြင်းနှင့် အကြံပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်