မိတ္ထီလာ ၃၁ သြဂုတ်
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ကုန်ကျစရိတ်သက်သာပြီး ဒေသခံတောင်သူများအတွက် သီးနှံအပင်များ ကြီးထွားမှုမြန်ဆန်ပြီး အထွက်နှုန်းတိုးစေသော ပိုက်ဆံလျှော်ကို ညောင်ဇောက်ကျေးရွာ ကွင်းအမှတ် ၅၇၃ ရှိ တောင်သူဦးကျော်ဆွေ၏ လျှော်ဖြူပင်နှင့် သရက်ပင်စိုက်ခင်း စိုက်ဧက ၂၅ ဧကတွင် စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဒေသခံတောင်သူများအနေဖြင့် သီးနှံစိုက်ခင်းများကို နှစ်စဉ် ဆက်တိုက်စိုက်ပျိုးလျက်ရှိရာ သီးနှံများ အထွက်နှုန်းတိုးစေရေး ဓာတ်မြေသြဇာများ သုံးစွဲမှုကြောင့် မြေဆီလွှာ၏ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ ထိခိုက်လာခြင်းကြောင့် စိုက်ခင်းများအတွင်း သဘာဝမြေသြဇာများ ဖြည့်စွက်ရန် လိုအပ်လျက်ရှိသည်။ ထိုသို့ လိုအပ်လျက်ရှိသော သဘာဝမြေသြဇာများကို ကျွဲ/နွားတိရစ္ဆာန်များ၏ စွန့်ပစ်အညစ်အကြေးများမှ လည်းကောင်း၊ သီးနှံပင်များ၏ အကြွင်းအကျန်များမှ လည်ကောင်း၊ သဘာဝသစ်စိမ်းမြေသြဇာများမှ လည်းကောင်း အသီးသီးပြန်လည်ရရှိနိုင်ရာမှ ဒေသခံတောင်သူများအနေဖြင့် ကုန်ကျစရိတ်သက်သာပြီး သီးနှံပင်များ ကြီးထွားမှုမြန်ဆန်သည့် ပိုက်ဆံလျှော်ကို သဘာဝသစ်စိမ်းမြေသြဇာအဖြစ် စိုက်ပျိုးပါက မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိကို ပြောင်းလဲစေနိုင်ခြင်း၊ သီးနှံအပင်က အလွယ်တကူ စားသုံးနိုင်ခြင်း၊ လေထဲမှ နိုက်ထရိုဂျင်ကို မြေအတွင်းသို့ ရရှိစေခြင်း၊ သီးနှံစိုက်ခင်းတွင် မြက်များ အလွယ်တကူ မပေါက်ရောက်နိုင်ခြင်းနှင့် ကုန်ကျစရိတ်သက်သာပြီး သီးနှံအပင်အတွက် အနည်းလို အဟာရဓာတ်များ ရရှိနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်းထံမှ သိရသည်။
သဘာဝသစ်စိမ်းမြေသြဇာအဖြစ် အသုံးပြုနိုင်ရန် ပိုက်ဆံလျှော်ကို စိုက်ပျိုးရေးဦးစီးဌာန၏ ကူညီပံ့ပိုးမှုဖြင့် လျှော်ဖြူပင်နှင့် သရက်ပင်စိုက်ခင်း စိုက်ဧက ၂၅ ဧကတွင် ပိုက်ဆံလျှော်မျိုးစေ့ ၆ တင်းဖြင့် ဇူလိုင် ၁၀ ရက်က စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး ၄၅ ရက်ပြည့်၍ သဘာဝမြေသြဇာ ပြုလုပ်လျက်ရှိကြောင်း၊ ပိုက်ဆံလျှော်စိုက်ပျိုးခြင်းကြောင့် မြက်ပင်များ ပေါက်ရောက်မှုနည်းပါးသွားကြောင်း တောင်သူ ဦးကျောက်ဆွေက ပြောကြားခဲ့သည်။
မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ (၁၄)ရွာမှ တောင်သူ ၁၅ ဦးက ပိုက်ဆံလျှော်ကို သဘာဝသစ်စိမ်း မြေသြဇာအဖြစ် စိုက်ပျိုးဧက ၅၀ စိုက်ပျိုးထားရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


