ကျောက်ကြီး ၃၁ သြဂုတ်

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်တွင် သြဂုတ် ၃၀ ရက် ညနေပိုင်း၌ ကျောက်ကြီး ချောင်းရေ ပြန်ကျသွားပြီးဖြစ်၍ ပြောင်းရွှေ့အိမ်ထောင်စုဝင်များ မိမိ၏နေအိမ်များသို့ ပြန်လည် ပြောင်းရွှေ့နေထိုင်ကြောင်း သိရသည်။

 

ကျောက်ကြီးမြို့နယ်တွင် သြဂုတ် ၂၃ ရက်၌ မိုးရေချိန် ၄ ဒသမ ၁၂ လက်မ ရွာသွန်းခဲ့မှုကြောင့် မြို့ပေါ် ချောင်းကမ်းဘေးနှင့် မြေနိမ့်ပိုင်း လူနေအိမ်များသို့ ချောင်းရေ ၁ ဒသမ ၅ ပေ မြင့်တက် ဝင်ရောက်လာသဖြင့် ပဲခူးရပ်ကွက်ရှိ အိမ်ထောင်စု (၁၄)စု၊ လူဦးရေ (၈၀)ဦး၊ တောင်ငူတန်းရပ်ကွက်ရှိ အိမ်ထောင်စု (၃)စု၊ လူဦးရေ (၁၁)ဦး၊ ကပ်ကျေးရပ်ကွက်ရှိ အိမ်ထောင်စု (၁၃)စု၊ လူဦးရေ (၅၁)ဦး နီးစပ်ရာ ဆွေမျိုးများနေအိမ်နှင့် မြို့ဦးဘုန်းတော်ကြီးကျောင်းများသို့ ယာယီပြောင်းရွှေ့ခဲ့ရပြီး သြဂုတ် ၃၀ ရက်၌ ကျောက်ကြီးချောင်းရေမှာ ပြန်လည်ကျဆင်းသွားသောကြောင့် ပြောင်းရွှေ့အိမ်ထောင်စု ဝင်များအားလုံး မိမိ၏နေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

 

ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်တောင်းမြစ်ရေသည် အန္တရာယ်ရေအမှတ် (၁၁၇၀)စင်တီမီတာ၊ စိုးရိမ်ရေအမှတ် (၁၁၀ဝ)စင်တီမီတာရှိရာ ယမန်နေ့တွင် (၈၉၄)စင်တီမီတာတွင် ရှိနေပြီး စိုးရိမ်ဖွယ်မရှိကြောင်း သိရသည်။

 

ကိုသားကြီး(ကျောက်ကြီး)