ညောင်ဦး ၃၁ ဩဂုတ်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် သာယာဝတီရပ်တွင် ဩဂုတ် ၂၆ ရက် ညနေ ၅ နာရီခွဲက လူ ၁၆ ဦးပါ စက်လှေတစ်စီးသည် သာယာဝတီသင်္ဘောဆိပ်တွင် ကျောက်ချရပ်ထားသည့် သင်္ဘောအား ဝင်တိုက်နစ်မြုပ်ခဲ့ရာ ၁၄ ဦးကယ်တင်နိုင်ခဲ့ပြီး အမျိုးသမီးနှစ်ဦး ပျောက်ဆုံးခဲ့ကြောင်း ညောင်ဦးမြို့နယ် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူက ပြောသည်။
စက်လှေနစ်မြုပ်ရာမှ ပျောက်ဆုံးအမျိုးသမီးအား ညောင်ဦးမြို့နယ်၊ မီးသတ်တပ်ဖွဲ့မှ မီးသတ်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆွေးမျိုးသားချင်းများက မြစ်ကြောင်းတစ်လျှောက် နေ့စဉ်ရှာဖွေခဲ့ရာ မတွေ့ရှိဘဲ ဩဂုတ် ၃၀ ရက် ညနေ ၆ နာရီခန့်က ညောင်ဦးမြို့နယ် စဉ့်ကူတိုက်နယ် ကြအိုကျွန်းကျေးရွာအနီး လူသေအလောင်းတစ်လောင်း တွေ့ရှိသတင်းရသဖြင့် ညောင်ဦးခရိုင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့တင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကရုဏာရှင်လူမှုရေး အသင်းသားများ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ သေဆုံးတွေ့ရှိသူသည် ဩဂုတ် ၂၆ ရက်က စက်လှေတိမ်းမှောက်ရာတွင် ရှာဖွေမတွေ့ရှိဘဲ ပျောက်ဆုံးအမျိုးသမီးနှစ်ဦးအနက် အောင်ဇေယျရပ်နေ မကောင်းမြတ်သူဖြစ်ကြောင်း ကာယကံရှင် မိသားစု၏ အတည်ပြုချက်အရ သိရှိရကြောင်း ညောင်ဦးမြို့မရဲစခန်းက အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုထိန် (ညောင်ဦးခရိုင် ပြန်/ဆက်)