လေးမျက်နှာ ၃၁ သြဂုတ်
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသော ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များအား လေးမျက်နှာမြို့နယ်အသင်း (ရန်ကုန်)မှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုပစ္စည်းများပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးကျော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး လေးမျက်နှာမြို့နယ်အသင်း(ရန်ကုန်)ဥက္ကဋ္ဌ ဦးကြီးမြင့်က ဂုဏ်ပြုပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ကိုဗစ်-၁၉ ကာလအတွင်း လေးမျက်နှာမြို့နယ်တွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသော ကိုဗစ်-၁၉ ကော်မတီအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများဖြစ်သည့် အင်္ကျီ(၁၆)ထည်နှင့် ထီး(၁၆)လက်ကိုလည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများအား ချီးမြှင့်ငွေကျပ် (၅၀၀၀၀၀)ကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့အတွက် ဆန်အိတ် (၃၀)၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနအတွက် ဆန်အိတ်(၅၀)၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အတွက် ဆန်(၁၀)အိတ်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များအတွက် ဆန်(၁၀)အိတ်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ အတွက် ဆန်(၁၀)အိတ်၊ မြို့နယ် ပရဟိတလူငယ်ဖွံ့ဖြိုးရေးကျောင်းအတွက် ဆန်(၁၀)အိတ်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ အရန်ဆန်အဖြစ် ဆန်အိတ်(၃၀)တို့ကိုလည်းကောင်း စုစုပေါင်း ဆန်အိတ်(၁၅၀)တို့အား လေးမျက်နှာမြို့နယ်အသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကြီးမြင့်နှင့် တာဝန်ရှိသူများက ပေးအပ်ရာ မြို့နယ် ကိုဗစ်-၁၉ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်း၊ ကိုဗစ်-၁၉ ကော်မတီအတွင်းရေးမှူး ဒေါက်တာစုစုလှိုင်နှင့် သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များက လက်ခံရယူကြပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန့်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ရာ လေးမျက်နှာမြို့နယ်အသင်း(ရန်ကုန်)ဥက္ကဋ္ဌက လက်ခံရယူခဲ့သည်။
ယင်းနောက် လေးမျက်နှာမြို့နယ်အသင်း(ရန်ကုန်)မှ နာယကကြီး ဦးနေဝင်း+ဒေါ်ခင်သင်းလွင် (ဝင်းကမ္ဘာလျှပ်စစ်ပစ္စည်းရောင်းဝယ်ရေး၊ ရန်ကုန်)မှ ကိုဗစ်-၁၉ ကာလအတွင်း လေးမျက်နှာမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် လူနာ(၃၆)ဦး၊ အိုင်သပြုဆေးရုံတွင် လူနာ(၈)ဦး၊ လှော်ကထားဆေးရုံတွင် လူနာ(၄)ဦး စုစုပေါင်း လူနာ(၄၈)ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ်(၁၀၀၀၀)နှုန်းဖြင့် ငွေကျပ် (၄၈၀၀၀၀)ကိုလည်းကောင်း၊ အန်ထရာဆောင်းရိုက်ရန် ငွေကြေး အခက်အခဲဖြစ်နေသည့် အမျိုးသမီး (လူနာ)တစ်ဦးအတွက် ထပ်ဆောင်းထောက်ပံ့ငွေကျပ် (၅၀၀၀၀)ကိုလည်းကောင်း စုစုပေါင်း ထောက်ပံ့ငွေကျပ် (၅၃၀၀၀၀)အား နာယကကြီးကိုယ်စား လေးမျက်နှာမြို့နယ်အသင်း(ရန်ကုန်) ဥက္ကဋ္ဌနှင့်အတူ တာဝန်ရှိသူများက လူနာများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ရွှေမိုး(လေးမျက်နှာ)


