ပဲခူး ၃၁ ဩဂုတ်

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဩဂုတ် ၃၁ ရက် နံနက် ၉ နာရီခွဲက တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ပဲခူးမြို့ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်း ဆောင်ရွက်နိုင်ရန် ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။

 

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့အား ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်း ရှင်းလင်းဆောင်၌ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ အင်ဂျင်နီယာမှူး ဦးသန့်ဇင်မိုးနှင့် တာဝန်ခံအင်ဂျင်နီယာ ဦးအောင်ထက်လွင်ကျော်တို့က ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးစီမံကိန်းနှင့် ပတ်သက်၍ လည်းကောင်း၊ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦး‌အောင်သန်းလွင်နှင့် ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်တို့က လေယာဉ်ကွင်းဧရိယာ ရှင်းလင်းဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများက ဌာနအလိုက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးရမည့် အ‌ခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းနှင့်ပတ်သက်၍ မိမိတို့အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ၊ လေကြောင်းဦးစီးဌာနမှ ဆောင်ရွက်ရန်ကျန်သည့် ကိစ္စရပ်များလည်း ရှိနေသေးကြောင်း၊ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်သည် နိုင်ငံတော်အဆင့် စီမံကိန်းဖြစ်ပြီး အမျိုးသားအကျိုးစီးပွားအလို့ငှာ ဆောင်ရွက်သည့် စီမံကိန်းတစ်ခုဖြစ်သည့်အပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ထပ်မံတိုးချဲ့ရန် မြေနေရာမရှိခြင်းနှင့် ကြီးမားသည့် ကုန်တင်လေယာဉ်များ ဆင်းသက်နိုင်ရန်မဖြစ်နိုင်သဖြင့် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်သည် မဖြစ်မနေဆောင်ရွက်ရမည့် စီမံကိန်းလုပ်ငန်းတစ်ခုဖြစ်၍ အားလုံးဝိုင်းဝန်းကြိုးစား ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေယာဉ်ကွင်းပြေးလမ်းနှင့် လေယာဉ်ကွင်းဧရိယာအတွင်း ပါရှိနေသည့် ဇလပ်ထော်ရေလှောင်တမံတို့အား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်း သတင်းရရှိသည်။

 

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ အကူအညီဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းပထမအဆင့်အား ၂၀၂၇ ခုနှစ်တွင် အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)