မိုင်းဆတ် ၃၁ ဩဂုတ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ဆုံဆို့နာရောဂါ ဖြစ်ပွားနေပြီး ဩဂုတ် ၂၆ ရက်မှ ယနေ့ထိ ဆုံဆို့နာရောဂါဖြစ်ပွားသူ (၁၃)ဦး ထပ်တိုးလာသဖြင့် ဆုံဆို့နာရောဂါဖြစ်ပွားသူ စုစုပေါင်း (၃၃)ဦးထိ ရှိလာကာ ကျန်းမာရေးဌာနမှ ကာကွယ်ဆေးများ အရှိန်အဟုန်မြှင့် ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဩဂုတ် ၂၆ ရက်မှစ၍ တိုးလာသော ဆုံဆို့နာရောဂါဖြစ်ပွားသူများမှာ နားယောင်းကျေးရွာအုပ်စုမှ အသက်(၆)နှစ်ရှိ မိန်းကလေး တစ်ဦး၊ ပူနားကိုကျေးရွာမှ အသက်(၂၅)နှစ်ရှိ အမျိုးသမီးတစ်ဦး၊ စီဟုတ်ကျေးရွာမှ အသက်(၁၆)နှစ်ရှိ မိန်းကလေးတစ်ဦး၊ နားယန်းကျေးရွာမှ အသက်(၂၀)နှစ်ရှိ မိန်းကလေး တစ်ဦး၊ မယ်ဆွမ်မြောက်၊ ကွက်သစ်ရပ်ကွက်မှ အသက်(၃၇)နှစ်ရှိ အမျိုးသမီးတစ်ဦး၊ ဝမ်ဟုန်းရပ်ကွက်မှ အသက်(၉)နှစ်ရှိ မိန်းကလေးတစ်ဦးနှင့် အသက်(၆)နှစ်အရွယ် ယောကျ်ားလေးတစ်ဦး၊ ယောင်ခကျေးရွာမှ အသက်(၅)နှစ်၊ အသက်(၇)နှစ်နှင့် အသက်(၁၃)နှစ်အရွယ် စုစုပေါင်းယောကျ်ားလေး (၃)ဦး၊ ဝိန်းဝိုင်ရပ်ကွက်မှ အသက်(၅၆)နှစ်ရှိ အမျိုးသမီးတစ်ဦး၊ အသက်(၁၄)နှစ်ရှိ မိန်းကလေးတစ်ဦးနှင့် အသက်(၁၆)နှစ်ရှိ ယောကျ်ားလေးတစ်ဦး အပါအဝင် စုစုပေါင်း (၁၃)ဦးတိုးလာပြီး ယနေ့ထိ ဆုံဆို့နာရောဂါဖြစ်ပွားသူ (၃၃)ဦးထိ ရှိပြီဖြစ်ကြောင်း သိရသည်။
မိုင်းဆတ်မြို့တွင် ဩဂုတ် ၂၅ ရက်ထိ ရပ်ကွက်(၂)ရပ်ကွက်နှင့် ကျေးရွာ(၇)ရွာတို့တွင် ဆုံဆို့နာရောဂါ ဖြစ်ပွားလျက်ရှိရာမှ ယခုအခါ ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာ(၁၀)ရွာထိ ရောဂါကူးစက်ပျံ့နှံ့လာသဖြင့် မြို့နယ်ကျန်းမာရေးဌာနမှ ဆုံဆို့နာရောဂါဖြစ်ပွားသည့် ရပ်ကွက်/ကျေးရွာများသို့ ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးလျက်ရှိပြီး ဩဂုတ် ၃၀ ရက်ထိ အသက်(၁၅)နှစ်အောက်ရှိ ကလေးစုစုပေါင်း ၂၈၈၄ ဦး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)


