ဝန်းသို ၃၁ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် Covid-19 ကာလ စီးပွားရေးကုစားမှုအစီအစဉ်အရ ကျေးလက်ဒေသနေ မိသားစုဝင်များ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများ ကုစားပေးနိုင်ရန်အတွက် Cash For Work စီမံကိန်းဖြင့် မြင်သာကုန်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ Cash For Work စီမံကိန်းဖြင့် မြင်သာကုန်းကျေးရွာတွင် အကျယ် တစ်ပေခွဲ၊ အမြင့် တစ်ပေခွဲ၊ သုံးလက်မထု ကွန်ကရစ်ရေမြောင်း (၁၉၁၄)ပေ၊ မြေသားရေမြောင်းတူးခြင်း စုစုပေါင်း (၂၇၈၉)ပေ၊ အကျယ် ၁၅ ပေ၊ ထု ၅ လက်မ ကျောက်ရောမြေခင်းခြင်းပေ (၇၀၀) တို့ကို ကျေးရွာလူထုလုပ်အားဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ရာနှုန်းပြည့် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ရွာလေးက အိုးပြစ်- လွင်ကြီး- ချယားကုန်း- ကျိုင်းခွင်- စိန်လည်မှ ကောလင်းသို့သွားတဲ့ လေးလက်လမ်းပေါ်မှာ တည်ရှိပါတယ်၊ အဲဒီလမ်းကြီးက ကျွန်တော်တို့ ရွာထဲကဖြတ်သွားရတာ၊ ကျေးရွာချင်းဆက်လမ်းသာဆိုတယ် လမ်းကကျဉ်းတယ်၊ ကားနဲ့ဆိုင်ကယ်တောင် ရှောင်တိမ်းဖို့ မလွယ်ပါဘူး၊ ရွာကသေးတော့ ရွာတွင်းလမ်းမရယ်လို့ မရှိပါဘူး၊ ယခု ဒီစီမံကိန်းနဲ့ ရွာလယ်လမ်းမကြီး အသစ်ဖောက်လိုက်ပြီ၊ ရေစီးရေလာကောင်းဖို့နဲ့ လမ်းခိုင်မြဲဖို့ ကွန်ကရစ်ရေမြောင်းလုပ်ကြတယ်၊ ဌာနက စီမံကိန်းတာဝန်ခံအင်ဂျင်နီယာ ဒေါ်အိမွန်ဟိန်းကလည်း အနီးကပ်ကြီးကြပ်ပေးနေတယ်၊ စလုပ်တုန်းကတော့ အခက်အခဲတွေရှိတယ်။ အခုတော့ပျော်ပျော်ရွှင် ညီညီညွတ်နဲ့လုပ်နေကြပြီ၊ ကျေးလက်ဦးစီးဌာနကို လည်းကျေးဇူးတင်ပါတယ်" ဟု ကျေးရွာဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းနိုင်စိုးက ပြောသည်။
မြင်သာကုန်းကျေးရွာတွင် Cash For Work စီမံကိန်းဖြင့် ထောက်ပံ့ငွေသိန်း(၁၀၀)ကို ပစ္စည်းတန်ဖိုး ၄၀ ရာခိုင်နှုန်း၊ လုပ်အားခတန်ဖိုး ၄၀ ရာခိုင်နှုန်း သတ်မှတ်၍ Labour Intensive စနစ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း အိမ်ခြေ (၄၂)အိမ်၊ လူဦးရေ (၁၇၉)ဦးတွင် နေ့စဉ် အမျိုးသား (၂၅)ဦး၊ အမျိုးသမီး (၁၇)ဦးဖြင့် စီမံကိန်းလုပ်ငန်းများကို (၂၆)ရက်ကြာ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ရှင်းပြသည်။
မွှေးကြူဇင်


