နေပြည်တော် ၃၁ ဩဂုတ်

 

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြင်သစ်၊ စပိန်၊ ဘယ်လ်ဂျီယံ၊ ဂျာမနီနှင့်အနီးတစ်ဝိုက် ဒေသများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၈၇) ဦး အား ပါရီမြို့အခြေစိုက် Amelia Airline ကယ်ဆယ်ရေး အထူးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ (၁၁ ၀၀) နာရီ အချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။

 

၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် (၂၁) ရက်တာ အသွားအလာကန့်သတ်နေထိုင်ရေး တို့ကို အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည်။

 

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ရန် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟို ကော်မတီ၏လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်း ညှိနှိုင်း၍ ဆောင်ရွက်ပေးလျက် ရှိရာ ၇-၆-၂၀၂၀ ရက်နေ့တွင်လည်း ပြင်သစ်၊ အီတလီနှင့် နယ်သာလန်နိုင်ငံတို့တွင် အခက်အခဲ ကြုံတွေ့နေရသည့် Norwegian Cruise Line Holding Ltd. ကုမ္ပဏီ၏ ကမ္ဘာလှည့်သင်္ဘောများပေါ်မှ မြန်မာသင်္ဘောသား စုစုပေါင်း (၈၃) ဦး တို့အား Amelia Airline ကယ်ဆယ်ရေး အထူးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီး ဖြစ်သည်။

 

Crd#နိုင်ငံခြားရေးဝန်ကြီးဌာန