မော်လမြိုင်  ၃၁  ဩဂုတ်

 

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပဉ္စမနေ့) ကို ယနေ့ နံနက် ၁၀ နာရီက မွန်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်း (၅)ခုမေးမြန်းရာ သက်ဆိုင်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြန်လည်ဖြေကြားသည်။

 

ဆက်လက်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဏာနှစ်၊ မွန်ပြည်နယ် ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း) တင်သွင်းခြင်းနှင့် စပ်လျဉ်း၍ အမည်စာရင်း တင်သွင်းထားသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်နိုင်ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးတို့မှ ပြင်ဆင်လိုသည့် အချက်များကို ဆွေးနွေးခြင်း၊ အကြံပြုခြင်း ဆောင်ရွက်ကြပြီး ဥပဒေမူကြမ်းတင်သွင်းသော စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော်မှ ပြင်ဆင်ချက်အား သဘောတူကြောင်းနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ အတည်ပြုကြောင်း ကြေညာခဲ့သည်။

 

ထို့နောက် မွန်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ရပ်နားခဲ့ပြီး (ဆဌမနေ့)ကို စက်တင်ဘာ ၁ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)