နေပြည်တော်  ၃၁  ဩဂုတ်

 

သမဝါယမအသင်းများ ဥပဒေနှင့်အညီ လွတ်လပ်သော အသင်းအဖွဲ့များအဖြစ် ရပ်တည် လုပ်ဆောင်နေကြခြင်းအပေါ် သမဝါယမလုပ်ငန်းစဉ်များ၏ အသွင်သဏ္ဍာန်နှင့် အနှစ်သာရကို ပေါ်လွင်စေခြင်းဖြင့် ပြည်သူအများစု၏ စိတ်ပါဝင်စားမှုကိုရယူပြီး ပိုမိုဖွံ့ဖြိုး အောင်မြင်သော သမဝါယမကဏ္ဍကို တည်ဆောက် အကောင်အထည်ဖော်နိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ယနေ့ ညနေပိုင်းက Video Conferencing စနစ်ဖြင့် ကျင်းပ သည့် သမဝါယမ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးလှကျော် က ပြောကြားသည်။

 

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးလှကျော် ၊ အမြဲတမ်း အတွင်းဝန် ဦးကျော်မင်းဦးနှင့် ညွှန်ကြားရေးမှူးချုပ်များ ၊ ဗဟိုသမဝါယမအသင်း ဥက္ကဋ္ဌ ၊ ငါးလုပ်ငန်းအဖွဲ့ချုပ် အကြီးတန်း ဒုတိယဥက္ကဌ ၊ တိုင်းဒေသကြီး/ပြည်နယ် သမဝါယမဦးစီးဌာနဦးစီးမှူးများ၊ အသင်းစုချုပ် ဥက္ကဋ္ဌများ ပါဝင်ဆွေးနွေး ကြသည်။

 

ဗဟိုသမဝါယမအသင်းအနေဖြင့် အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်သို့ (၁၉၉၃) ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး လယ်ယာကုန်ထုတ်သမအသင်း ပေါင်း (၂၇၃၉၈) သင်း နှင့် စိုက်ပျိုး မြေဧရိယာ(၃၃၄၁)ဧကတွင် Contract Farming ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့အထိ အသင်းသား ပြည်သူ(၄ဒသမ၂၁)သန်းဖြင့် ဖွဲ့စည်းထားကာ ကုန်ထုတ်လုပ်မှု သမဝါယမ အသင်း (၃၂၅၂၄)သင်း၊ ဝန်ဆောင်မှု သမဝါယမအသင်း(၃၉၄၄)သင်းနှင့် ကုန်သွယ်မှု သမဝါ ယမအသင်း (၃၁၂၂)သင်း ရှိ၍ သမဝါယမအသင်းပေါင်း (၄)သောင်းခန့် ဖွဲ့စည်း ဆောင်ရွက်လျက် ရှိကြောင်း၊ သမဝါယမလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်းသားများ၏ အရင်းအနှီး မ တည်ငွေ ရရှိရန် EXIM Bank of China မှ ချေးငွေများရယူပြီး လယ်ယာစိုက်ပျိုးရေးစရိတ်အဖြစ် အသေးစား အရင်းအနှီးချေးငွေ ထုတ်ချေးပေးခြင်း၊ လယ်ယာဝန်ဆောင်မှု သမဝါယမအသင်းများ ဖွဲ့စည်းပေးခြင်း၊ လယ်ယာမြေ အဆင့်မြှင့် တင်ခြင်းလုပ်ငန်းအတွက် ချေးငွေများ ထုတ်ချေးပေးခြင်း၊ မျိုးစေ့ထုတ် သမဝါယမ အသင်း (၁၇၃) ဖွဲ့စည်းပြီး မျိုးစေ့ထုတ်(၁၂၇၇၅ဒသမ၇၂) ဧက အတွက် မျိုးစေ့ထုတ် တောင်သူများအား ချေးငွေထုတ်ချေးပေးခြင်းတို့ကို ကျပ်(၂ဒသမ၁၆၄) ဘီလီယံ အထိ ဆောင်ရွက်ပေး ထားကြောင်း သိရသည်။

 

(သတင်းစဉ်)