နေပြည်တော် ၃၁  ဩဂုတ်

 

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ဆမီးမြို့တို့ရှိ တိုက်ပွဲရှောင် အိမ်ထောင်စုများ၊ အသက် (၈၀) နှင့်အထက် (၈၅) နှစ်အောက် ဘိုးဘွားများအတွက် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်အရ ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခြင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ပုံမှန် စားနပ်ရိက္ခာထောက်ပံ့မှု အစီအစဉ်အရ ပလက်ဝမြို့နယ်၊ တိန်းလက်ဝကျေးရွာရှိ တိုက်ပွဲရှောင်သူများအတွက် စားနပ်ရိက္ခာ (၃) လစာ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ယနေ့မွန်းလွဲပိုင်းတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ချင်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ချင်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် လူမှုဝန်ထမ်း ဦးစီးဌာနတို့မှ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ပေးကြသော ညွှန်ကြားရေးမှူးများ ပါဝင်တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနအနေဖြင့် ပြည်နယ် (၅) ခုရှိ တိုက်ပွဲရှောင် စခန်းများနှင့် IDP စခန်းများတွင် နေထိုင်ကြသည့် အိမ်ထောင်စုများအတွက် စားနပ်ရိက္ခာများ ဝယ်ယူနိုင်ရန် အိမ်ထောင်စုအလိုက် ငွေကြေးထောက်ပံ့ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ လူမှုဝန်ထမ်း ဦးစီးဌာနအနေဖြင့် အသက်(၈၀) နှင့် အထက် (၈၅) နှစ်အောက် ဘိုးဘွားများအား ကိုဗစ်-၁၉ ကာလ အထူးလူမှု ကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့မှုများ ပေးအပ်လျက်ရှိကြောင်း၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနအနေဖြင့် ထပ်မံ စာရင်းကောက်ယူရရှိသော မသန်စွမ်းသူများအား ငွေကြေးထောက်ပံ့ခြင်းများကို ပေးအပ်လျက်ရှိကြောင်း။

 

ထို့အပြင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ၂၀၂၀ ပြည့်နှစ်၊ မတ်လမှစတင်၍ ဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေး စီမံချက်များအရ တိုက်ပွဲရှောင်စခန်းများ၊ IDP စခန်းများတွင် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးခြင်းကို ကျယ်ပြန့် ထိရောက်စွာနှင့် စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန် အသိပညာပေး နှိုးဆော်အကြံပြုချက်များ ထည့်သွင်းထားသော Memory Stick များနှင့် လက်ကိုင် အသံချဲ့စက်များ ပံ့ပိုးခြင်း၊  Mask ၊ Face Shield ၊ လက်ဆေးဆပ်ပြာ၊ ဘေစင်၊ အပူချိန်တိုင်း ကိရိယာများနှင့် ရေရရှိရေး ပံ့ပိုးပေးခြင်း၊ စခန်းများတွင် သံသယလူနာ တွေ့ရှိပါက သီးခြားခွဲ၍ နေထိုင်နိုင်ရန် Long House များ တည်ဆောက်နိုင်ရန် ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုထောက်ပံ့မှုများသည် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ၏ အခက်အခဲများကို လက်တွေ့ဖြေရှင်း ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း။

 

ထို့အပြင် ချင်းပြည်နယ်အတွင်း မိမိတို့ဝန်ကြီးဌာနက ပုံမှန်ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ အရှိန်အဟုန်မပျက် ဆက်လက်၍ အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် ယခုအခါ၌ ကိုဗစ်-၁၉ ကူးစက်ပြန့်နှံ့မှု များပြားလာသဖြင့်လည်းကောင်း၊ ချင်းပြည်နယ်သည် ကိုဗစ်-၁၉ ကူးစက် ပြန့်နှံ့မှု များပြားသော အိန္ဒိယနိုင်ငံနှင့် ဆက်စပ်မှု ရှိသောကြောင့်လည်းကောင်း အထူးသတိပြုရန်နှင့် မိမိတို့အနေဖြင့် လိုအပ်ချက်များကို ပူးပေါင်းဖြေရှင်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ချင်းပြည်နယ် ပြည်သူများကလည်း  ပူးပေါင်းပါဝင်ပေးကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

 

ယင်းနောက် ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က ချင်းပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင် စခန်းနှင့် IDP စခန်းများတွင် နေထိုင်ကြသူများ၊ ပြည်နယ်အတွင်းရှိ သက်ကြီးရွယ်အို ဘိုးဘွားများအတွက် ထောက်ပံ့မှုများကို အကျိုးခံစားခွင့်ရှိသူများ လက်ဝယ်အရောက် ဆက်လက် ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ထောက်ပံ့မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်မှုများကို စနစ်တကျ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပလက်ဝနှင့် ဆမီးမြို့တို့ရှိ တိုက်ပွဲရှောင်အိမ်ထောင်စု ၁,၉၈၂ (ထောင့်ကိုးရာ ရှစ်ဆယ့်နှစ်) စုအတွက် ထောက်ပံ့ငွေကျပ် (၇၉ ဒသမ ၂၈) သန်း၊ တိန်းလက်ဝ ကျေးရွာရှိ တိုက်ပွဲရှောင် အိမ်ထောင်စု (၁၇၉) စု၊ လူဦးရေ (၉၂၁) ဦးအတွက် စားနပ်ရိက္ခာ (၃) လစာ ထောက်ပံ့ငွေကျပ် (၃၃,၃၃၀,၉၀၀)၊ ပလက်ဝမြို့နယ်အတွင်းရှိ အသက် (၈၀) နှစ်နှင့် အထက် (၈၅) နှစ်အောက် ဘိုးဘွား (၁၈၄) ဦးအတွက် ထောက်ပံ့ငွေကျပ် (၅ ဒသမ ၅၂) သန်းတို့ကို ချင်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးများက ချင်းပြည်နယ်အစိုးရ ဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်သည်။

 

ချင်းပြည်နယ်အတွင်း စာရင်းကောက်ယူရရှိသော မသန်စွမ်းသူဦးရေ ၆,၁၃၀ ဦးတို့အတွက် လွှဲအပ်ပြီးဖြစ်သော ငွေကျပ် (၁၈၃ ဒသမ ၉) သန်းကို မသန်စွမ်းသူများ လက်ဝယ်အရောက် ပေးအပ် လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်