နေပြည်တော် ၃၁ ဩဂုတ်
မြန်မာ-ဂျပန် စင်တာဆိုင်ရာ Phase-(II) Project အတွက် ပူးတွဲကြီးကြပ်ရေး ကော်မတီ (JCC) ၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ တိုးချဲ့အစည်းအဝေးခန်းမ၌ Online မှ Zoom Application စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ UMFCCI ဥက္ကဋ္ဌ၊ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးများနှင့် မြန်မာ-ဂျပန် စင်တာဆိုင်ရာ ပူးတွဲကြီးကြပ်ရေး ကော်မတီ (JCC) မှ အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေး ကြသည်။
အစည်းအဝေးတွင် Myanmar-Japan Center ၏ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး က Myanmar-Japan Center အား မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများတွင် Global Market နှင့် ယှဉ်ပြိုင်နိုင်သော စွမ်းဆောင်ရည် မြင့်မားသည့် စီးပွားရေးလုပ်ငန်းရှင်များ ပိုမိုပေါ်ထွန်းလာစေရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ထားခြင်းဖြစ်ပါကြောင်း၊ စီးပွားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် မြန်မာ-ဂျပန် စင်တာသည် စီးပွားရေးလုပ်ငန်း ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များအတွက် အထွေထွေစီးပွားရေးဆိုင်ရာ သင်တန်းများကို ရန်ကုန်မြို့တွင်သာမက အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ပါ အောင်မြင်စွာ ပို့ချပေးလျက်ရှိသည် ကို တွေ့ရှိရပါကြောင်း။
ထို့အပြင် Myanmar-Japan Center အနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း သင်တန်းများ တိုးချဲ့ဖွင့်လှစ် နိုင်ရေးဆောင်ရွက်ရန်၊ စီးပွားရေးလုပ်ငန်းရှင်များအတွက် ပိုမိုအကျိုးရှိစေမည့် သင်တန်းများကို ပိုမိုဆန်းသစ်သော နည်းလမ်းများဖြင့် တိုးချဲ့ဆောင်ရွက်သွားကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်များကို လိုက်နာ၍ Business Matching များနှင့် Business Consultation သင်တန်းများကို ဖွင့်လှစ်သွားကြရန်၊ နောင်လာမည့် နှစ်များတွင်လည်း MJC ၏ လုပ်ဆောင်ချက်များကို တိုးမြှင့်ဆောင်ရွက်သွားရန် ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


