ဒါကာ ၁ စက်တင်ဘာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်ဖြစ်ပွားသည့် ရေကြီးရေလျှံမှုများကြောင့် ၂၅၁ ဦး သေဆုံးခဲ့ကြောင်း အစိုးရ၏ အစီရင်ခံစာတစ်စောင်က ဆိုသည်။
အထွေထွေကျန်းမာရေး ညွှန်ကြားမှုဦးစီးဌာန၊ အရေးပေါ်ဆောင်ရွက်ရေးနှင့် ထိန်းချုပ်ရေးဗဟိုဌာန၏ နေ့အလိုက် ရေဘေးအစီရင်ခံစာအရ ဇွန် ၃၀ ရက်နောက်ပိုင်း ရေဘေးသုံးကြိမ်ဖြစ်ပွားခဲ့ရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ခရိုင် ၃၃ ခရိုင်တွင် ၂၅၁ ဦး သေဆုံး ခဲ့ခြင်းဖြစ်သည်။ သေဆုံးသူအများစုမှာ ရေနစ် သေဆုံးခဲ့ခြင်းဖြစ်ပြီး ရေဘေးသင့်ဒေသအချို့တွင် အချို့က မြွေကိုက်ခံရခြင်း၊ မိုးကြိုးပစ်ခံရခြင်းတို့ကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းအာဏာပိုင်များက ပြောကြားခဲ့သည်။ ခရိုင် အများစုတွင် မြစ်ရေကြီးမှုများ ကျဆင်းလာမှုကြောင့် အခြေအနေ တိုးတက်လာခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ရေဖွံ့ဖြိုးရေးဘုတ်အဖွဲ့ (BWDB) မှ အမှုဆောင်အင်ဂျင်နီယာ ဆာဒါအူဒေးရိုင် ဟန်က ပြောကြားခဲ့သည်။
ဇွန်လနောက်ပိုင်း ရာသီအလိုက် မိုးရွာသွန်းမှုနှင့် တောင်ကျချောင်းရေများ စီးဆင်းမှု တို့ကြောင့်ဖြစ်ပွားသည့် ရေကြီးရေလျှံမှုများကြောင့် လူသေဆုံးမှုနှင့် ပျက်စီးမှုတို့ ဖြစ်ပေါ်ခဲ့ကြောင်း တရားဝင် အချက်အလက်များကပြသနေသည်။ ပြည်သူငါးသန်းကျော် ရေဘေးသင့်ခဲ့ပြီး ထောင်ချီသော မိသားစုများ အိုးအိမ်စွန့်ခွာခဲ့ရကြောင်း ဘေးအန္တရာယ်စီမံခန့်ခွဲရေး နှင့် ကယ်ဆယ်ရေးဝန်ကြီးဌာန၊ အမျိုးသား ဘေးအန္တရာယ် တုံ့ပြန်မှုညှိနှိုင်းဆောင်ရွက်ရေးဗဟိုဌာန (NDRCC) ၏ နေ့အလိုက် ဘေးအန္တရာယ်အခြေအနေ အစီရင်ခံစာအရ သိရသည်။
ရေဘေးကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ သီးနှံစိုက်ခင်းများ ပျက်စီးမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၅၆ ဒသမ ၄ သန်းခန့် အထိ ရှိခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ကျော်ထိုက်စိုး