ဗန်ကောက် ၁ စက်တင်ဘာ
ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးထိခိုက်နေချိန် တရုတ်နိုင်ငံမှ ဒေါ်လာ ၇၂၄ သန်းတန် ရေငုပ်သင်္ဘောနှစ်စင်း ဝယ်ယူမည့် အစီအစဉ်ကို ပြည်သူများ၏ ကန့်ကွက်မှုကြောင့် ထိုင်းနိုင်ငံက ရွှေ့ဆိုင်းခဲ့သည်။
၂၀၁၅ ခုနှစ် သဘောတူညီချက်အရ ထိုင်းနိုင်ငံက တရုတ်နိုင်ငံထံမှ ရေငုပ်သင်္ဘောများ ဝယ်ယူသည့် ပထမဆုံးသော တိုင်းပြည်များတွင် ပါဝင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ရေငုပ်သင်္ဘောသုံးစင်းဝယ်ယူရန် အပြီးသတ် သဘောတူညီခဲ့သလို ပထမဆုံး ရေငုပ်သင်္ဘောကို ၂၀၂၃ ခုနှစ်တွင် ထိုင်းရေတပ်သို့ ပေးပို့ရမည်ဖြစ်သည်။ ယခုလ အစောပိုင်းတွင် ဒေါ်လာ ၇၂၃ သန်းကျော်ဖြင့် ရေငုပ်သင်္ဘောနှစ်စင်း ထပ်မံမှာယူမှုကို လွှတ်တော်က အတည်ပြုခဲ့ရာ တိုင်းပြည်စီးပွားရေး ကျဆင်းနေချိန်တွင် အတည်ပြုမှုအတွက် ပြည်သူများက ကန့်ကွက်ခဲ့သည်။
ဝန်ကြီးချုပ် ပရာယုဒ်ချန်အိုချာနှင့် ကာကွယ်ရေးဝန်ကြီးတို့က နောက်ထပ် ရေငုပ်သင်္ဘောနှစ်စင်း ဝယ်ယူမှုကို ဆိုင်းငံ့ရန် ရေတပ်သို့ ညွှန်ကြားခဲ့ကြောင်း အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အနူချာဘူရာပါချိုင်သီရိက ကြေညာခဲ့သည်။ “ထိုင်းရေတပ်က ရေငုပ်သင်္ဘောဝယ်ယူမှု ဆိုင်းငံ့ဖို့ တရုတ်နိုင်ငံနဲ့ စေ့စပ်ညှိနှိုင်းမှာဖြစ်ပါတယ်” ဟု အနူချာက သတင်းထောက်များသို့ ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၏ စီးပွားရေးမှာ နှစ် ၂၀ ကျော်အတွင်း အဆိုးရွားဆုံးကျဆင်းခဲ့ပြီး ခရီးသွားလုပ်ငန်းနှင့် ပို့ကုန် တင်ပို့မှုအခြေပြု တိုင်းပြည်၏စီးပွားရေးမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေး ဆိုးရွားစွာ ခံနေရသည်။
ကိုးကား-အေအက်ဖ်ပီ
ဘာသာပြန်-ကျော်ထိုက်စိုး