မင်းဘူး   ၁   စက်တင်ဘာ  

 

မကွေးတိုင်းဒေသကြီး မင်းဘူးဈေးကွက်တွင် ကြက်သွန်နီဈေးနှုန်းများ ကျဆင်းပြီး လက်ကားဈေး တစ်ပိဿာ ကျပ် ၄၀၀ သာရှိတော့သဖြင့် ကြက်သွန်နီဈေးတက်ဖို့ မျှော်လင့်ပြီး လှောင်ထားသော တောင်သူ များ အရှုံးပေါ်နေကြောင်း ကြက်သွန်စိုက် တောင်သူတစ်ဦးထံမှ သိရသည်။

 

“ကိုဗစ်-၁၉ ရောဂါကင်းစင်သွားပြီး ကြက်သွန်နီ ပြည်ပဈေးကွက်က ဝယ်ပါစေလို့ ဆုတောင်း ပါတယ်ဗျာ။ အရင်က တစ်ပိဿာ ကျပ် ၁၂၀၀-၁၃၀၀ ဝန်းကျင်ရှိပေမယ့် ယခု ကြက်သွန်နီဈေး အဆမတန်ကျ သွားတော့ တောင်သူနဲ့ ကြက်သွန်နီ လှောင်ထားသူအားလုံး အရှုံးပေါ်တာပေါ့ဗျာ” ဟု ကြက်သွန်နီအဝယ်တော် ဦးထွန်းက ပြောသည်။ လက်ရှိ ကြက်သွန်နီဈေးကွက်မှာ တောင်သူတွေထဲက ငွေပေါ်လိုသူတောင်သူများ သာ လက်လီထုတ်ရောင်းကြပြီး ဖုန်းဖြင့်မှာပါက အိမ်တိုင်ရာရောက် ပို့ပေးနေရကြောင်း သိရသည်။

 

“ကျွန်တော်တို့ မင်းဘူးမြို့ ကြက်သွန်နီဈေးကွက်မှာ လက်လီတစ်ပိဿာ ကျပ် ၅၀၀ နဲ့ လက်ကားတစ် ပိဿာ ကျပ် ၄၀၀ သာရောင်းရပါတယ်။ နှစ်ဆန်းပိုင်း ကြက်သွန်နီ ပေါ်စအချိန်က ကျပ် ၁၇၀၀/၁၈၀၀ ဈေး အထိ ရှိခဲ့ပေမယ့် ယခု   ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေလည်း    သိပ်မရှိတော့သလို  ဈေးကွက် အတွင်း ဝယ်လိုအားသိသိသာသာ ကျဆင်းနေတဲ့အတွက် ပုံမှန်ဈေးအောက်ရောက်နေတဲ့ ပမာဏထက် များစွာလျော့နည်းနေပြီး ကြက်သွန်နီဈေးနှုန်း အဆမတန်ကျဆင်းနေတာဖြစ်ပါတယ်” ဟု ပွဲရုံလုပ်ငန်းရှင် ဦးသာပေါက ပြောသည်။

 

ဇေယျာထက်(မင်းဘူး)