ရန်ကုန် ၁ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်၊ ဈေးရောင်းသူနှင့် ဈေးဝယ်လာသူများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် အင်းစိန်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ စည်ပင်သာယာရေးကော်မတီဉက္ကဌ ဦးသိန်းသန်းနှင့် တာဝန် ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ဈေးများဌာနမှ ခရိုင်ဦးစီးအရာရှိ ဌာနစုမှူး ဒေါ်ယဉ်ယဉ်စန်းနှင့် ဈေးတာဝန်ခံများနှင့်အတူ အောင်ဆန်းဈေးတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဈေးရောင်း၊ ဈေးဝယ်များ နှာခေါင်းစည်းများ တပ်ဆင်ထားခြင်း ရှိ/မရှိခြင်း၊ ကိုဗစ်-၁၉ရောဂါ အသိပညာပေးခြင်းများ ဆောင်ရွက်ခြင်း၊ ဈေးဝယ်လာသူများ နှာခေါင်းစည်းမပါလာပါက နှာခေါင်းစည်းတပ်ဆင်ပြီးမှ ဈေးအတွင်းသို့ ဝင်ရောက်စေခြင်းတို့ကို လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့သည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


