မြောက်ဦး ၁ စက်တင်ဘာ
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကာကွယ်ထိန်း ချုပ်နိုင်ရန်အတွက် လမ်းသွား၊ လမ်းလာများနှင့် ဈေးရောင်း၊ ဈေးဝယ်လာ ပြည်သူများအား Covid-19 Stay Home ကာလ နေအိမ်ပြင်ပသို့ ထွက်ခွာခွင့်ကတ်ပြားမပါရှိမှု ရှိ/မရှိနှင့် ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်သွားလာမှုရှိ/မရှိ တို့ကို ယမန်နေ့ နံနက် ၈ နာရီက မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဦးဆောင်သည့် ပူးပေါင်းအဖွဲ့တို့က ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာ၌ စစ်ဆေးရေးအဖွဲ့အား ၄ ဖွဲ့ခွဲပြီး လူသွားလူလာများသော နေရာများဖြစ်သည့် ကျောက်ရာဇ်ကေရပ်ကွက်တွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမောင် ဦးဆောင်သည့် ပူးပေါင်းအဖွဲ့မှလည်းကောင်း၊ ဆင်ချဆိပ်ရပ်ကွက်တွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သော ပူးပေါင်းအဖွဲ့မှလည်းကောင်း၊ အလယ်ဈေးရပ်ကွက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆောင်သည့် ပူးပေါင်းအဖွဲ့မှလည်းကောင်း၊ တောင် ရပ် ရပ်ကွက်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့် ပူးပေါင်းအဖွဲ့တို့မှလည်းကောင်း လမ်းသွား၊ လမ်းလာများနှင့် ဈေးရောင်း၊ ဈေးဝယ်လာပြည်သူများကို Covid-19 Stay Home ကာလ နေအိမ် ပြင်ပသို့ထွက်ခွာခွင့်ကတ်ပြားများပါရှိမှု ရှိ/မရှိနှင့် ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်သွားလာမှု ရှိ/ မရှိ တို့အားစစ်ဆေးခဲ့ပြီး ပြည်သူများအနေဖြင့် မိမိအိမ်တွင်သာနေထိုင်ရေး(Stay at Home)အား လိုက်နာကြရန်၊ မဖြစ်မနေ အပြင်သွားရပါက ပါးစပ်နှင့်နှာခေါင်းစည်းကို တပ်ဆင်သွားလာကြရန်နှင့် အပြင်မှပြန်လာပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာဆေးကြောကြရန် အသိပညာ ပေးဟောပြောခဲ့သည်။
မြောက်ဦးမြို့နယ်တွင် Covid-19 Stay Home ကာလ နေအိမ်ပြင်ပသို့ ထွက်ခွာခွင့်ကဒ်ပြားများကို သက်ဆိုင်ရာရပ်ကွက် အသီးသီးရှိ အုပ်ချုပ်ရေးမှူးများက ရပ်ကွက်နေပြည်သူများ ထံသို့ ၎င်းကဒ်ပြားများအား ထုတ်ပေးထားပြီးဖြစ်ရာ မိသားစုတစ်စုတွင် ဈေးဝယ်ရန်(၁)ဉီး၊ မဖြစ် မနေထွက်မည်ဆိုပါက ဈေးဝယ်ခြင်း ယာဉ်မောင်းအပါအဝင်(၂)ဉီး၊ ကျန်းမာရေးကိစ္စများအတွက် သွားရောက်ရန် ယာဉ်မောင်းအပါအဝင် (၃)ဦးသာ အပြင်ထွက်ခွာခွင့် ပြုမည်ဖြစ်ကြောင်း တာဝန်ရှိ သူတစ်ဦးထံမှ သိရှိရသည်။
တင်ထွန်းဦး (ပြန်/ဆက်)