မိုးမိတ်   ၁   စက်တင်ဘာ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် ပဒါန်းကျေးရွာအုပ်စု နမီကျေးရွာတွင် ဩဂုတ် ၃၁ ရက် ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းသဖြင့် ပဒါန်းချောင်းရေမြင့်တက်ပြီး ရွာအဝင်တံတား၏ မြေထိန်းနံရံ ပေ(၇၀)ခန့်နှင့် ကျောက်စီမြေထိန်းနံရံ ပေ(၃၀) ခန့် ချောင်းတာပေါင် ကျိုးပေါက်၍ နမီ ကျေးရွာအတွင်းသို့ ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည်။

 

mdn

 

ထိုသို့ရေဝင်ရောက်ခဲ့သဖြင့်ကျေးရွာအတွင်းရှိ  အိမ်ထောင်စု(၅)စု အမျိုးသား(၈)ဦးနှင့် အမျိုးသမီး (၁၄)ဦး တို့ကို ကျေးရွာဘုန်းကြီးကျောင်းသို့ ညတွင်းချင်း ရွှေ့ပြောင်းထားရှိပေးခဲ့ပြီး လူနှင့် ကျွဲ၊ နွား၊ တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုမရှိကြောင်းနှင့် လယ်မြေဧက ၁၅၀ ခန့် ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။

 

ယနေ့ နံနက်ပိုင်းတွင်  ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတိုးသောင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့် တပ်မြေခံတပ်ရင်းမှ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ၊ ရွာသူ/ရွာသားများ  ပူးပေါင်း၍ ကျိုးပေါက်ပျက်စီးခဲ့သည့် ချောင်းတာပေါင်ကို သဲအိတ်များဖို့ခြင်း ၊ ယာယီ မြေထိန်းနံရံတည်ဆောက်ပေးခြင်းနှင့် လိုအပ်ချက်များကို ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

မိုးမိတ်သား(စည်သူဌေး)