မန္တလေး  ၁  စက်တင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရှင်တော်ကုန်း ကျေးရွာအနီးရှိ ဒေသနွား မျိုးထိန်း၊မျိုးပွားသရုပ်ပြခြံ မှ ငါးနှစ်တာကာလအတွင်း မျိုးကောင်းမျိုးသန့် နွားကောင်ရေ(၃၀ဝ)ကျော် ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း ဒေသနွား မျိုးထိန်း၊မျိုးပွားသရုပ်ပြခြံမှ ခြံတာဝန်ခံ ဒေါက်တာရဲထက်အောင် ထံ သိရသည်။

 

mdn

 

အဆိုပါ နွားမွေးမြူရေးခြံကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဆောင်ရွက်ခြင်းဖြစ်ပြီး ဒေသနွား မျိုးထိန်းမျိုးပွားနှင့် ဒေသနွားမျိုးစိတ်တွေ ပျောက်ပျက်မသွားအောင် ထိန်းသိမ်းကာ လိုအပ်သော တောင်သူများထံ ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်ထားရှိခြင်းဖြစ်ကြောင်း သိရသည်။

 

ဒီခြံမှာ ဒေသနွားမျိုးစိတ်တွေ ပျောက်ပျက်မသွားအောင် ထိန်းသိမ်းထားခြင်းဖြစ်ပါတယ်၊ တောင်သူတွေ လိုအပ်တဲ့အခါမှာ ဖြန့်ဖြူးပေးနိုင်အောင်လို့ပါ၊နောက်တဆင့်အနေနဲ့ ဒီခြံမှာ မျိုးမြှင့်တင် သားစပ်ခြင်း လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်ဖို့ စီမံချက်ဆွဲထားပါတယ်။ ဒေသနွားပြာစိမ်းပေါ်မှာ အခြေခံပြီး အသားစားနွားဗရာမာန် မျိုးမြှင့်တင်သားစပ်တာတွေ ဆောင်ရွက်မယ်၊အသက်ငယ်ငယ်နဲ့ ကပြားနွားတွေ ထုတ်လုပ်နိုင်ဖို့ဆောင်ရွက်နေပါတယ်၊ နောက်ပြီး ဗရာမာန်နဲ့သားစပ်ကာ ဈေးကွက်ကို ဖြန့်ဖြူးဖို့လည်းဆောင်ရွက်နေပါတယ်၊ဟု ခြံတာဝန်ခံ ဒေါက်တာရဲထက်အောင် က ပြောကြားသည်။

 

အဆိုပါ နွားမွေးမြူရေးခြံတွင် ပြာစိမ်းနွား(၁၃၇)ကောင်နှင့် ရွှေနီနွား(၁၃၁)ကောင် မွေးမြူထားကြောင်း သိရပြီး ဒေသနွားများအား လိုအပ်သောတောင်သူများထံ ဖြန့်ဖြူးပေးရာတွင် ၂၀၁၆ ခုနှစ် မှ ၂၀၂၀ ပြည့်နှစ်အထိ ငါးနှစ်တာကာလအတွင်း မျိုးကောင်းမျိုးသန့် ဒေသနွားကောင်ရေ (၃၀၃)ကောင်အား ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း ၎င်းကဆက်လက်ပြောပြ၍ သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)