တောင်ကြီး ၁ စက်တင်ဘာ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ရှမ်းပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုများဖြစ်သော ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ထပ်တိုးထောက်ပံ့ကြေး ငွေကျပ် ၁၁,၆၂၁ ဒသမ ၂၅ သိန်း ထောက်ပံ့ပေးအပ်ခြင်းကို ဩဂုတ် ၃၁ ရက် ညနေ ၃ နာရီက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ် မသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုများဖြစ်သော ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများအားလူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လအတွင်း CERP (Covid-19 Economic Relief Plan) ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ထပ်တိုးထောက်ပံ့ကြေးငွေ ပေးအပ်သွားမည့်ကိစ္စနှင့်ပတ်သက်၍ တက်ရောက်လာသူများအားလုံးနှင့် တွေ့ဆုံရှင်းလင်းတင်ပြခွင့် ရရှိသည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း၊ ယခင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ Mini Budget တွင် ငွေကျပ် ၁,၂၉၁ ဒသမ ၅ သိန်း ထောက်ပံ့ပေးနိုင်ခဲ့ပြီး ယခု ၂၀၁၉-၂၀၂၀ တွင်လည်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ ငွေကျပ် ၃,၃၉၇ ဒသမ ၅ သိန်း ထောက်ပံ့ပေးမည်ဖြစ်ပြီး ယခင်နှစ်ကထက် ငွေကျပ်သိန်းပေါင်း ၂,၁၀၆ သိန်း ပိုမိုထောက်ပံ့ပေးနိုင်မည့်အပြင် ထိခိုက်လွယ်အုပ်စုများဖြစ်သည့် ရှမ်းပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်း (၄၆)ခုအတွက် ငွေကျပ် ၅၃၇ ဒသမ ၇၅ သိန်း၊ အသက်(၈၅)နှစ်အထက် ဘိုး/ဘွားများ လူမှုရေးပင်စင် ၁၀,၅၀၉ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၃၀,၀၀၀ နှုန်းဖြင့် ငွေကျပ် ၃,၁၅၂ ဒသမ ၇ သိန်း၊ အသက်(၈၀-၈၅)နှစ် ဘိုး/ဘွားများ လူမှုရေးပင်စင် ၁၄၄၇၆ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၃၀,၀၀၀ နှုန်းဖြင့် ငွေကျပ် ၄,၃၄၂ ဒသမ ၈ သိန်းနှင့် ကိုဗစ်-၁၉ ကာလအတွင်း Quarantine Center များရှိ ထိခိုက်လွယ်အုပ်စုများဖြစ်သည့် ကိုယ်ဝန်ဆောင်သည် (၂၉)ဦး၊ မသန်စွမ်း (၇) ဦး၊ (၅)နှစ်အောက် ကလေး (၁၇၈) ဦး၊ ဘိုး/ဘွား (၃၉) ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ၅၁၅ ဦးအတွက် ငွေကျပ် ၁၅၄ ဒသမ ၅ သိန်းဖြစ်သည့်အတွက် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ထပ်တိုးထောက်ပံ့ကြေးငွေကျပ် စုစုပေါင်း ငွေကျပ် ၁၁၆၂၁ ဒသမ ၂၅ သိန်း ပိုမိုပြီးတိုးမြှင့် ထောက်ပံ့ပေးသွားနိုင်မည်ဖြစ်သောကြောင့် ရှမ်းပြည်နယ်အစိုးရအနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်ပြီး လူမှုဝန်ထမ်းဦးစီးဌာနကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

 

ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ထံသို့ ရှမ်းပြည်နယ် လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူး ဦးထွန်းဦးက ထပ်တိုးထောက်ပံ့ငွေကျပ် ၁၁၆၂၁ ဒသမ ၂၅ သိန်း ပေးအပ်သည်။

 

ထို့နောက် ရှမ်းပြည်နယ်အတွင်းရှိ ထပ်တိုးထောက်ပံ့ပေးမည့် မသန်စွမ်းသူ စုစုပေါင်း ၁၁၃၂၅ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ကြေး ငွေကျပ် ၃၃၉၇ ဒသမ ၅ သိန်း၊ ရှမ်းပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်း (၄၆)ခုအတွက် ငွေကျပ် ၅၇၃ ဒသမ ၇၅ သိန်း၊ အသက်(၈၅)နှစ်အထက် ဘိုး/ဘွားများ လူမှုရေးပင်စင် ၁၀၅၀၉ ဦးအတွက် တစ်ဦးလျှင် ၃၀၀၀၀ နှုန်းဖြင့် ငွေကျပ် ၃၁၅၂ ဒသမ ၇ သိန်း၊ အသက်(၈၀-၈၅)နှစ် ဘိုး/ဘွားများ လူမှုရေးပင်စင် ၁၄၄၇၆ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ငွေကျပ် ၄၃၄၂ ဒသမ ၈ သိန်းတို့ကို ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ရာ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်က လက်ခံရယူသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူတို့က တောင်ကြီး မြို့ပေါ်ရပ်ကွက် (၂၂) ရပ်ကွက်မှ တက်ရောက်လာသော မသန်စွမ်းသူများအား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)

 

mdn