နေပြည်တော် ၁ စက်တင်ဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီက တိုင်းဒေသကြီး၊ ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို Video Conferencing စနစ်ဖြင့် ပြုလုပ်သည်။
ရှေးဦးစွာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ယခုအစည်းအဝေးကို ဦးစီဌာနရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် Covid-19 Economic Relief Plan (CERP) အစီအစဉ်အရ အကောင်အထည်ဖော် ဆောင်ရွက်နေသော Cash for Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုများ၊ တွေ့ကြုံရသည့် အခက်အခဲများ၊ အားနည်းချက် အားသာချက်များကို ဝိုင်းဝန်းသုံးသပ်ပြီး ဦးစီးဌာန (ရုံးချုပ်) မှ ဆောင်ရွက်ပေးရမည့် အပိုင်းများအား သိရှိလိုခြင်းကြောင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ အခက်အခဲများကြားမှ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသော ဝန်ထမ်းတစ်ဦးချင်းစီတိုင်းအား မိမိအနေဖြင့် အသိအမှတ်ပြု မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး/ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများက ဦးစီးဌာန ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးလက်ရေပေးရေး၊ ကျေးလက်ကုန်ထုတ်လမ်း၊ တံတား၊ ကျေးလက်မီးလင်းရေးနှင့် အခြားစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုများ၊ Covid-19 Economic Relief Plan (CERP) အရ အကောင်အထည်ဖော် ဆောင်ရွက်နေသော Cash for Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများနှင့် တွေ့ကြုံရသည့်အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အားသာချက် အားနည်းချက်များကို ရှင်းလင်းတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များက တိုင်းဒေသကြီး/ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများ၏ တင်ပြချက်များအပေါ် ကဏ္ဍအလိုက် လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးကြပြီး ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (၁၇)ခုမှ ဦးစီးမှူးများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


