နေပြည်တော် ၁ စက်တင်ဘာ

 

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် ကော်မရှင်ရုံးဝန်ထမ်းများ ပြည်ထောင်စုဘဏ္ဍာငွေများ စီမံခန့်ခွဲသုံးစွဲရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန်နှင့် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်၊ ဘဏ္ဍာငွေအရင်းအမြစ်များ အလေအလွင့်မရှိစေဘဲ ထိရောက်အကျိုးရှိစွာ သုံးစွဲနိုင်စေရန် ကော်မရှင်ရုံး၏ ဘဏ္ဍာရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် ကော်မရှင်ရုံးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်က အဖွင့်အမှာစကား ပြောကြားသည်။ အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနတာဝန်ခံများ၊ သင်တန်းသား/ သင်တန်းသူ အရာထမ်း ၂၇ ဦး တက်ရောက်ကြသည်။

 

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၁ ရက်မှ ၃ ရက်ထိ နေ့စဉ် နံနက် ၉ နာရီမှ ၁၂ နာရီထိ ကျင်းပမည်ဖြစ်ပြီး ပြည်ထောင်စုစာရင်းစစ်ချုsပ်ရုံး၊ ညွှန်ကြားရေးမှူး(ငြိမ်း) ဒေါ်မြင့်မြင့်က ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဆိုင်ရာ စီမံခန့်ခွဲမှု၊ ကြီးကြပ်မှုကိစ္စရပ်များ၊ ဘဏ္ဍာရန်ပုံငွေများသုံးစွဲခြင်း၊ စာရင်းထိန်းသိမ်းခြင်း၊ ဌာနတွင်း စာရင်းစစ်ဆေးခြင်းများနှင့် စပ်လျဉ်း၍ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်