ရန်ကုန် ၁ စက်တင်ဘာ

 

ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းနှင့် (၃၇)လမ်းထောင့်ရှိ အောင်ဘာလေသိန်းဆုဌာနတွင် (၁၉)ကြိမ်မြောက် အောင်ဘာလေ သိန်းဆုဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန (MOHS) ၏ လမ်းညွှန်ချက်ကိုလိုက်နာပြီး Social Distancing နှင့်အညီ ကျင်းပရာ နိုင်ငံနှင့်တစ်ဝှမ်း ထီချစ်သူပြည်သူလူထုအား ကျပ်သန်း ၁၈၁၆၃ ဒသမ ၅၉၆ ကို ဆုကြေးအဖြစ် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ထိုနေ့ထီဖွင့်ပွဲမှ သိရသည်။

 

အဆိုပါထီဖွင့်ပွဲကို ရန်ကုန်အောင်ဘာလေထီရုံးမှ ညွှန်ကြားရေးမှုးဦး ညီညီလှိုင် ဦးဆောင်ကာ တက်ရောက်လာသူ ထီကိုယ်စားလှယ်များ၊ ထီလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများနှင့် အောင်ဘာလေထီရုံးမှ တာ၀န်ရှိသူများသည် ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်များနှင့်အညီ ခန်းမအတွင်း ၀င်ရောက်ကြရပြီး လက်ဆေးခြင်း၊ Mask တပ်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာရှိစေရန် Social Distancing ကို လိုက်နာ၍ ၃ပေအကွာ ၆ ပေအကွာရှိစေခြင်းများဖြင့် ကျင်းပခဲ့ကြသည်။

 

“ဒီကနေ့မှာတော့ (၁၉)ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲကို လစဉ်ပုံမှန်ကျင်းပတဲ့အတိုင်း မပျက်မကွက် ဆောင်ရွက်ပါတယ်၊ အားလုံးသိကြတဲ့အတိုင်းပါပဲ ကျွန်တော်တို့ အောင်ဘာလေထီရုံးမှာ COVID- 19 ရောဂါပို့တွေ့လူနာ အမှတ်(၅၉၉)အဖြစ် ၀န်ထမ်းထဲကနေ ထွက်ပေါ်လာခဲ့တယ်၊ ဒါကို သက်ဆိုင်ရာ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန (MOHS) ရဲ့လမ်းညွှန်ချက်အတိုင်း စီမံဆောင်ရွက်ပြီးပါပြီ၊ ထပ်မံပြီး ထီဖွင့်ပွဲကိုလည်း ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်တွေကို လိုက်နာပြီး ကျင်းပတာဖြစ်လို့ Social Media တွေ ထီကိုယ်စားလှယ်တွေနဲ့ ထီလုပ်ငန်းရှင်တွေကို အများကြီးဖိတ်တာမျိုး မလုပ်တော့ဘဲ အနည်းငယ်လူဦးရေလျှော့ချပြီး ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်တွေကို လိုက်နာပြီး Social Distancing ကို လိုက်နာပြီး ဒီကနေ့မှာ ထီဖွင့်ပွဲကျင်းပတာပါ” ဟု ရန်ကုန်မြို့ အောင်ဘာလေသိန်းဆုဌာန မှညွှန်ကြားရေးမှူးဦး ညီညီလှိုင်က ပြောသည်။

 

ယခုကျင်းပသော (၁၉)ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ထီလက်မှတ် "က" အက္ခရာမှ အစဉ်လိုက် "ကဃ"အထိ အက္ခရာ ၃၇ လုံး ရောင်းချခဲ့ပြီး ထီစာအုပ်ပေါင်း ၃၀၂၇၂၆၆ တွင်ထီအစောင်ရေ ၃၃၂၉၉၉၂၆ စောင်ရှိကြောင်း၊ ယင်းအတွက် ထီလက်မှတ်ရောင်းချရငွေသည် ကျပ်သန်း ၃၀၂၇၂ ဒသမ ၆၆၀ ဖြစ်ပြီး ယင်းမှ ၆၀ ရာခိုင်နှုန်းကို ထီဆုကြေးငွေ ကျပ်သန်း ၁၈၁၆၃ ဒသမ ၅၉၆ ကို ပြည်သူလူထုအား ပေါက်မဲဆုကြေးအဖြစ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ ထီဆုကြီးများတွင် ကျပ်သိန်းတစ်သောင်းခွဲမှ ကျပ် ၁၀ သိန်းအထိရှိပြီး ဝေဝေဆာဆာ ပဒေသာဆုမဲစနစ်တွင် ကျပ်သုံးသိန်းမှ ကျပ်ငါးသောင်းအထိရှိကြောင်း သိရသည်။

 

ယခုအခါ ကိုဗစ်ပိုးတွေ့လူနာ ပေါ်ပေါက်ခဲ့သော်လည်း Lockdown ချထားခြင်းမျိုးမပြုလုပ်ဘဲ အောင်ဘာလေသိန်းဆုထီဖွင့်ပွဲကို ကျင်းပခြင်းဖြစ်သည်။ ထို့ပြင် ရန်ကုန်မြို့ အောင်ဘာလေသိန်းဆုဌာနတွင် COVID-19 ရောဂါ ပိုးသတ်ဆေးဖျန်းသည့်လုပ်ငန်းများအပြင် ရုံဆင်းရုံးတက်တွင် Mask တပ်ခြင်း၊ လက်ဆေးခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကာ လုပ်ငန်းများ ဆောင်ရွက်ရန် အသိပညာပေးဆောင်ရွက်မှုများ ဆောင်ရွက်နေကြောင်း သိရသည်။

 

ယင်းအတွက် အောင်ဘာလေ၀န်ထမ်းများကို နှာခေါင်းတိုးဘတ်၊ အာခေါင်တိုးဘတ်များယူကာ စိစစ်ခြင်းတို့ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင် ၀န်ထမ်းများအနေဖြင့် ပုံမှန်ဆောင်ရွက်နေပြီး ဌာနစုအလိုက် အလုပ်ဆင်းနေသော ၀န်ထမ်းများသည်လည်း ပုံမှန်အလုပ်ဆင်းနေကြောင်း၊ ရုံးလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်နေပြီး ထီလက်မှတ်များ မှာယူရောင်းချ ဖြန့်ဖြူးသည့်ကိစ္စရပ်များ၊ ထီကိုယ်စားလှယ်များနှင့် ထီလက်မှတ်ရောင်း၀ယ်သည့် ကိစ္စရပ်များလည်း ပုံမှန်ဆောင်ရွက်နေကြောင်း အောင်ဘာလေထီရုံးမှ သိရသည်။

 

သတင်း- မျိုးမင်းသိန်း(မရမ်းကုန်း)

ဓါတ်ပုံ- မျိုးကြီး