ရန်ကုန် ၁ စက်တင်ဘာ

 

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း နိုင်ငံတော်အစိုးရ၏ COVID-19 စီးပွားရေးကုစားမှုအစီအစဉ်အရ (CERP) စီမံချက်အရ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် အောက်ဝါးနက်ချောင်းကျေးရွာရှိ လူမှုစောင့်ရှောက်ရေးဂေဟာတွင် လိုအပ်နေသည့် အဆောက်အဦများ ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း ဩဂုတ် ၂၈ ရက်က ပြုလုပ်သည့် COVID-19 စီးပွားရေးကုစားမှုအစီအစဉ်အရ (CERP) အထူး လူမှုကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့မှုအခမ်းအနားတွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦဉာဏ်မြင့်အောင်က ပြောသည်။

 

"ကျွန်တော်တို့ COVID-19 စီးပွားရေးကုစားမှုအစီအစဉ်အရ မကြာခင်ရက်ပိုင်းမှာ ငွေကျပ်သိန်း ၂၀၀၀ နီးပါး အကုန်ကျခံပြီး ဓမ္မာရုံ၊ ဆေးပေးခန်း၊ ၀န်ထမ်အိမ်ရာ ဆောက်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီဂေဟာမှာ လူဦးရေကများတယ်။ ကိုဗစ်ကာလဆိုတော့ သူတို့အတွက် အာဟာရဖြစ်ဖို့ စားစရိတ်လိုတယ်။ ဒါ့ကြောင့် ဒီဂေဟာမှာ စောင့်ရှောက်ထားတဲ့ လူဦးရေ ၁၂၀ ရဲ့ စားစရိတ်တစ်ရက်ကို ငွေကျပ် ၅၀၀၀၀ နှုန်းနဲ့ သုံးလစာ ကျပ်သိန်း ၆၀ ထောက်ပံ့ပေးခဲ့ပါတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။

 

အဆိုပါ မှော်ဘီမြို့နယ် အောက်ဝါးနက်ချောင်းကျေးရွာရှိ လူမှုစောင့်ရှောက်ရေးဂေဟာတွင် စိတ်ကျန်းမာရေး မကောင်းသူများ၊ မှီခိုစရာမရှိသည့်သူများ ပြုစုစောင့်ရှောက်ပေးလျက်ရှိပြီး အဆိုပါ ဂေဟာကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ၂၀၀၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

 

သတင်းနှင့်ဓာတ်ပုံ- တင်စိုး(မြန်မာ့အလင်း)