ဟိုမိန်း ၂ စက်တင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ဟိုမိန်းမြို့၌ ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်(ပြည်နယ်အစိုးရအဖွဲ့) ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဟိုမိန်းမြို့ မြို့ပေါ်ရပ်ကွက်များ ရေပေးဝေရေးအတွက် ရေစုကန်များတည်ဆောက်ပြီးစီးမှုနှင့် PVC ရေပိုက်များသွယ်တန်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို စက်တင်ဘာ ၂ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဟိုမိန်းမြို့ ရေပေးဝေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၁၇၉ ဒသမ ၄၅ သန်းဖြင့် စိုက်ဖေ့ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့သည့် ဟွေခမ်မွန်ချောင်းတွင် ရေတားတမံ တည်ဆောက်ခြင်း၊ ရေဂါလံ ၄၀ဝ၀ဝ ဆံ့ ရေစုကန် တစ်ကန်၊ အမှတ်(၁)ရပ်ကွက်တွင် ဂါလန် ၂၀ဝ၀ဝ ဆံ့ တစ်ကန်၊ နားမိုက်လေ ရပ်ကွက်နှင့် ပန်သပြေရပ်ကွက်တွင် ဂါလန် ၁၀ဝ၀ဝ ဆံ့ တစ်ကန်စီ တည်ဆောက်ပြီးစီးမှုနှင့် (၄လက်မ၊ ၃လက်မ PVC ရေပိုက်များဖြင့် ရေစုကန်များသို့ ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းအား ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ပြီး သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီစွာ ဆောင်ရွက်ရေးနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနိုင်ရေးအတွက် အလေးထားဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့ သည်။
ဟိုမိန်းမြို့ မြို့ပေါ်ရပ်ကွက်(၃)ခုတွင် တည်ဆောက်ပြီးစီးခဲ့သည့် ရေစုကန်များမှ ရေများကို ရပ်ကွက်များ အတွင်းရှိ လူနေအိမ်များသို့ စနစ်တကျသွယ်တန်းပြီးစီးသွားပါက ဒေသခံပြည်သူများအနေဖြင့် နှစ်စဉ် နွေရာသီတွင် ကြုံတွေ့နေရသည့် ရေကိုအခက်အခဲမရှိ အဆင်ပြေလွယ်ကူစွာ ရယူအသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
ရဲနောင်(ဟိုမိန်း)


