ကျောက်ဆည် ၂ စက်တင်ဘာ
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ပြီးပြည့်စုံသော မဲဆန္ဒရှင်စာရင်း ရရှိရန်နှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း နိုင်ငံသားစိစစ်ဆေးကဒ်ပြား မရှိသူများ မဲပေးပိုင်ခွင့် မဆုံးရှုံးရအောင် ရည်ရွယ်ပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရုံးမှမြို့နယ်ဦးစီးမှူး ဦးတင်သန့်ဆွေနှင့် ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့နယ် ကန်ကြီးကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှစတင်၍ သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာ မှတ်ပုံတင်အသစ် ပြုလုပ်ပေးရန် လူဦးရေပေါင်း(၈၈၃၀) လျာထားပြီး ယနေ့အထိ ပြုလုပ်ပြီးစီးသူ လူဦးရေပေါင်း (၁၆၄၇)ဦး၊ ကျေးရွာအုပ်စုပေါင်း(၄၂)အုပ်စု ကွင်းဆင်းဆောင်ရွက်ပြီးကြောင်း ကျန်ရှိသည့် လူဦးရေများနှင့် ကျေးရွာအုပ်စုများကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ အကုန်ထိ အဖွဲ့(၃)ဖွဲ့ခွဲ၍ ကွင်းဆင်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရုံးမှ လဝကမှူး ဦးနေဝင်းထံမှ သိရသည်။
ရဲတင့်(တံတားဦး-ပြန်/ဆက်)


